စစ်ကောင်စီက နိုင်ငံခေါင်းဆောင်များကို မတရားပြစ်ဒဏ်ချမှတ်မှုသည် လူ့အခွင့်အရေးနှင့် တရားစီရင်ရေးကို ချိုးဖောက်နေခြင်းဖြစ်ဟု ကနေဒါထုတ်ပြန်

Author လင်းခိုင်
Categories
Published on Jan 03, 2023

 

စစ်ကောင်စီက နိုင်ငံခေါင်းဆောင်များကို မတရားပြစ်ဒဏ်ချမှတ်မှုသည် လူ့အခွင့်အရေးနှင့် တရားစီရင်ရေးကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကနေဒါသံရုံးက ဇန်နဝါရီ ၂ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ထိန်းသိမ်းခံထားရသည့် သမ္မတဦး၀င်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းအပေါ် အပြင်းအထန် ရှုတ်ချကြောင်း ကနေဒါသံရုံးက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်မှုများသည် စစ်တပ်၏ လူ့အခွင့်အရေးနှင့် တရားစီရင်ရေး၏ အမှီအခိုကင်းခြင်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားပြီး၊ ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် အရပ်သားနိုင်ငံရေး ခေါင်းဆောင်များကို အသံတိတ်အောင် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မတရားဖမ်းဆီး ထိန်းသိမ်းထားသူများကို အားလုံးလွှတ်ပေးရန်၊ အကြမ်းဖက်မှုများရပ်တန့်ရန်၊ လူသားချင်းစာနာမှု အကူအညီများပေးရန်အတွက် နေရာများအားလုံးသို့ သွားရောက်ခွင့်များ ဖွင့်ပေးရန်နှင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီ ဆန္ဒကို လေးစားရန် ကနေဒါသံရုံးက တောင်းဆိုထားသည်။

မြန်မာနိုင်ငံ၏ ပိုမိုဆိုးရွားလာသော အခြေအနေများ၊ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများ အပါအ၀င် စစ်တပ်က အရပ်သားများအပေါ် သေစေနိုင်သည့် အင်အားသုံးခြင်းများကို ကနေဒါနိုင်ငံအနေဖြင့် များစွာ စိုးရိမ်မကင်း ဖြစ်မိကြောင်း ဆိုသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အာဆီယံနှင့် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီး၏ လုပ်ဆောင်ချက်များကို ကနေဒါနိုင်ငံက အပြည့်အဝထောက်ခံပြီး အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အပြည့်အ ၀အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကတောင်းဆိုထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကနေဒါ