စစ်ကောင်စီက တော်လှန်ရေးအင်အားစုများအကြား သွေးကွဲစေရန် အကွက်ကျကျ စီစဥ်နေကြောင်း NUG ဆို

Author လင်းခိုင်
Categories
Published on Oct 04, 2022

စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများအကြား သွေးကွဲစေရန် အကွက်ကျကျ စီစဥ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ယနေ့တွင်ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇၀ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီကတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကြားမှာ သွေးကွဲ စေနိုင်မယ့် ကိစ္စတွေ၊ တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲမှားစေနိုင်မယ့် ကိစ္စတွေကို တစ်ခုပြီးတစ်ခု အကွက်ကျကျ စီစဉ်နေမှာပဲ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် တော်လှန်ရေး တစ်နှစ်ရှစ်လကြာသည်ထိ အာဏာသိမ်းမှု မအောင်မြင်လောက်အောင် အားကောင်းနေသည့် တော်လှန်ရေး အင်အားချိနဲ့စေမည့် လုပ်ရပ်မျိုး၊ ဝါဒဖြန့်ချိမှု၊ မက်လုံးပေးမှုများကို ခပ်စိပ်စိပ် လုပ်ဆောင်လာသည့်အတွက် သတိကြီးကြီးဖြင့် ရှေ့ဆက်ရန်လိုကြောင်း ၎င်းကပြောကြားသည်။

“ဒီနှစ်က ကျွန်တော်တို့ အားလုံးအတွက် အရေးကြီးပါတယ်။ ဘာကြောင့် အရေးကြီး တာလဲဆိုရင် ရက်စက်ကြမ်းကြုတ်လှတဲ့ ဒီအကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်မှာ ကျွန်တော်တို့ ပြည်သူတွေ ကြံ့ကြံ့ခံရင်း ရပ်တည်နေရတာ ၁ နှစ် ၈ လ ရှိလာပါပြီ။ နောက်ထပ် ကျွန်တော်တို့ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဘယ်အရာကိုမှ အဆုံးရှုံးမခံချင်တော့ပါဘူး။ ဒါကြောင့် တစ်နှစ်ကျော် ပြင်ဆင်ရင်း တွန်းလှန်လာ ခဲ့ကြပြီးပြီမို့ အရင်းအမြစ်တွေ၊ အတွေ့အကြုံတွေလည်း စုံသင့်သလောက် စုံပြီဖြစ်တာကြောင့် အားကုန်ရုန်းကန်ကြရမယ့် အချိန်ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသား မဟာမိတ်များအပါအဝင် တော်လှန်ရေးအင်အားစုအားလုံးပူးပေါင်ပြီး ဖက်ဒရယ်ဒီမိုကရေစီချာတာကို အခြေခံထားသည့် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေးကိုလည်း NUCCက ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။