စစ်ကောင်စီက စပါးတင်းတစ်ရာလျှင် အခြေခံစျေးနှုန်း ခြောက်သိန်းသုံးသောင်းနှုန်းသာ သတ်မှတ်လိုက်၍ လယ်သမားများ ဒုက္ခရောက်

Author ကိုပေါက်
Categories
Published on Nov 12, 2022

ပြင်ပစျေးကွက်အတွင်း စပါးတင်းတစ်ရာလျှင် ၁၃ သိန်းဝန်းကျင်ရှိနေချိန် စစ်ကောင်စီမှ အခြေခံ စပါးစျေးနှုန်းအား ခြောက်သိန်းသုံးသောင်းနှုန်းဖြင့်သာ သတ်မှတ်ကြောင်း ထုတ်ပြန်လိုက်၍ လယ်သမားများဒုက္ခနှင့် ရင်ဆိုင်နေရသည်ဟု လယ်သမားအချို့ဆီက သိရသည်။

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့မှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ၂၀၂၂ ခုနှစ် မိုးစပါးနှင့် ၂၀၂၃ ခုနှစ် နွေစပါးအတွက် အခြေခံ ရည်ညွှန်းစျေးနှုန်းအဖြစ် စပါးတင်း ၁၀၀ လျှင် ကျပ် ၆၃၀၀၀၀ သတ်မှတ်လိုက်တာဖြစ်သည်ဟု တောင်သူတစ်ဦးက CJ Platformကို ပြောသည်။

“သူတို့က ခြောက်သိန်းသုံးသောင်းနဲ့ထုတ်တယ် အခုကာလမှာ လယ်တစ်ဧကကို ကုန်ကျစရိတ် ၇ သိန်း ဝန်းကျင်ကုန်တယ် ရိတ်သိမ်းပြီးတဲ့အထိ၊ ကြိတ်ခွဲအဆင့်မပါဘူး၊ ဒီစျေးတာမှန်ရင် သေပြီ လယ်စိုက်မဲ့သူ ရှိတော့မှာမဟုတ်ဘူး”ဟု ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်ရှိ တောင်သူတစ်ဦးကပြောသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ မြို့နယ်အချို့မှာ စပါးတင်တစ်ရာကို စပါးအစိုစျေး ၁၀သိန်း ၅ သောင်းမှ အစိုမှတ်နှင့် အရည်အသွေးအလိုက် ၁၃ သိန်းအထိစျေးနှုန်းရှိနေပြီး၊ ယခုစစ်ကောင်စီက သတ်မှတ်လိုက်သည့် စျေးနှုန်းမှာ ထက်ဝက်ခန့်ကွာနေသည်ဟု ကုန်သည်တစ်ဦးက CJ Platform ကိုပြောသည်။

“ကျနော်တို့ဘက်မှာတောင် ရိတ်သိမ်းခြွေချကို ဆယ်သိန်းငါးသောင်း စပါးအခြောက်ကို ၁၂ သိန်းခွဲကနေ ၁၃ သိန်းခွဲအထိပေါက်တယ် အလဲဗင်း မှော်ဘီသုံး ပခန်း တို့ပေါ့”ဟုပြောသည်။

စစ်ကောင်စီက ၆၃၀၀၀၀ ကျပ် သတ်မှတ်သော စပါးသည် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊သဲ၊ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်ဖြစ်ပြီး တစ်တင်း ၄၆ ပေါင်ကိုက် သတ်မှတ်ထားသည်ဟု တောင်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ဒါက သက်သက်လူပါးဝတာ ရိတ်သိမ်းခြွေချတောင် ၁၀သိန်းခွဲရှိတယ် အခုဟာက အမှတ်မြင့် အဆင့်တောင်ခြောက်သိန်းသုံးသိန်းပေးတယ်ဆိုတော့ လယ်သမားတွေ ဘဝပျက်အောင်လုပ်နေတာ”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီက ထုတ်ပြန်ထားသောစျေးနှုန်းဖြင့် လိုက်လံဝယ်ယူနေသော်လည်း တောင်သူအများစုမှာ ကုန်သည်များကို ရောင်းပြီးဖြစ်နေ၍ ဝယ်ယူ၍ မရကြောင်းသိရသည်။

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

 

#CjPlatform #အခြေခံစပါးစျေး #တောင်သူလယ်သမား #အစိုမှတ်