စစ်ကောင်စီက ခိုးယူထားသည့် ပြည်သူပိုင်လက်၀တ် ရတနာများ CDF-Thantlang သိမ်းဆည်းရမိ

Author လင်းခိုင်
Categories
Published on Oct 21, 2022

စစ်ကောင်စီက ခိုးယူထားသည့် ပြည်သူပိုင်လက်၀တ် ရတနာများကို CDF-Thantlang Commando က သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၁၉ ရက်၌ သီတာနှင့် ထန်လန်မြို့ အကြားတိုက်ပွဲတွင် စစ်ကောင်စီထံက သိမ်းဆည်းရရှိခဲ့သည့် ပြည်သူပိုင် လက်၀တ်ရတနာ၊ စစ်ကောင်စီ ၏ လက်နက်ခဲယမ်းနှင့် ပစ္စည်းများကို CDF-Thantlang Commando က ထုတ်ပြန်ထားသည်။

အဆိုပါ သိမ်းဆည်းရမိသည့် ပြည်သူပိုင် လက်၀တ်ရတနာများသည် စစ်ကောင်စီတပ်က ထန်လန်မြို့ရှိ စျေးဆိုင်များမှ ဖောက်ထွင်းခိုးယူထားသည့် ပစ္စည်းများဖြစ်ကြောင်းလည်းသိရသည်။

CDF-Thantlang Commando အနေဖြင့် စစ်ကောင် စီမှ ခိုးယူထားသည့် လက်၀တ်ရတနာများ၊ လက်နက် ခဲယမ်း ပစ္စည်းသိမ်းဆည်းရမှုကိုသာ ဖော်ပြထားပြီး၊ တိုက်ပွဲဖြစ်ပွားမှုအခြေအနေအသေးစိတ်ကို ဖော်ပြထားခြင်းမရှိပေ။

စစ်ကောင်စီ၏ အကြမ်းဖက်စစ်တပ်သည် ယင်းတို့ ၀င်ရောက်ခဲ့သည့် နေရာတစ်လျှောက်ရှိပြည်သူပိုင် ပစ္စည်းများကို ခိုးယူခြင်း၊ ကျွဲ၊ နွား အိမ်မွေး တိရစ္ဆာန်များကို ဖမ်းယူစားသောက်မှုများပြုလုပ်လျက်ရှိသည်။

အောက်တိုဘာ ၇ ရက်တွင်လည်းကော်ဘရာပူးပေါင်းစစ်ကြောင်း တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့သည့် စစ်ကောင်စီစစ်ကြောင်း၏ ခြင်းကျားတစ်လုံးအား စစ်ဆေးရာ ပြည်သူလူထုထံမှ ခိုးယူထားသည့် လက်၀တ်ရတနာရွှေ အမြောက်အများလည်း တွေ့ရှိခဲ့သည်ကို ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ခဲ့သေးသည်။