စစ်ကောင်စီက ကျေးရွာတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြည်သူ နှစ်ဦးဆုံးပါးကာ ငါးဦးဒဏ်ရာရ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ဘောကထာကျေးရွာအား စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးအသက်ဆုံးပါးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း KNUက ယနေ့ထုတ်ပြန်ထားသည်။
စက်တင်ဘာ ၂၉ရက် ညနေ ၅နာရီ ၂၅မိနစ်တွင် စစ်ကောင်စီ၏ ဘောကထာစခန်းမှ ဘောကထာကျေးရွာတွင်းသို့ RPG-7 တစ်လုံးပစ်ခတ်ခဲ့မှုကြောင့် ရွာသားနှစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်အတွင်းရှိ ဘောကထာကျေးရွာ၊ ပဒဲကောကျေးရွာ၊ မဘီကျေးရွာမှ လူဦးရေ ၄၀၇၇ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း KNUက ထုတ်ပြန်ထားသည်။
စက်တင်ဘာ ၇ ရက်မှစတင်ကာ စစ်ကောင်စီတပ်သည် တပ်မဟာ ၅မှ တပ်မဟာ ၃သို့ပြန်ဆင်းလာပြီး ကျောက်ကြီးမြို့နယ်တွင် ထိုးစစ်ဆင်လှုပ်ရှားမှုကြောင့် KNUနှင့် စက်တင်ဘာ ၂၉ရက်ထိတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထိုသို့ ထိုးစစ်ဆင်လှုပ်ရှားနေသည့် အချိန်တွင် ကျောက်ကြီးမြို့နယ်၊ ကဝေါ်မူဒဲကျေးရွာရှိ တောင်ပေါ်နေကရင်တိုင်းရင်းသားလူမျိုး တို့၏ နေအိမ်များနှင့် စားနပ်ရိက္ခာများကို မွှေနှောက်ဖျက်စီးခြင်းနှင့် အိမ်မွေးတိရိစ္ဆာန်များကို ဖမ်းယူစားသောက်သည့်အပြင် ကျေးရွာတွင်း တိရိစ္ဆာန်ထောင်ချောက် များကိုလည်း ထောင်ထားသောကြောင့် အိမ်မွေးတိရိစ္ဆာန်များ ထောင်ချောက်မိကာ သေဆုံးသွားရခြင်းများရှိကြောင်း KNU ကထုတ်ပြန်ထားသည်။