စစ်ကောင်စီကြောင့် ၉ လအတွင်း အရပ်သား ၁၄၀ ကျော်သေဆုံးခဲ့ရသလို ခုနစ်သိန်းကျော် စစ်ဘေးရှောင်နေရ

Author လင်းနွေဦး
Categories
Published on Nov 06, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်နယ်မြေအတွင်း ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ အထိ ၉ လအတွင်း အရပ်သား ၁၄၀ ဦးသေဆုံးခဲ့ရပြီး ဒေသခံ ၇၁၇,၆၂၆ ဦး စစ်ဘေးရှောင်နေရကြောင်း KNU က ထုတ်ပြန်သည်။

ထို ၉ လအတွင်း အရပ်သား (၄၆၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုထုတ်ပြန်ချက်အရ သိရသည်။

ထိုကာလအတွင်း စစ်ကောင်စီတပ်များမှ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစား (၁၈) ခုခန့်ကို (၁,၈၄၇) ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူပိုင် နေအိမ် (၁,၅၈၄)လုံး၊ ပြည်သူပိုင်အဆောက်အဦး(၈၅)လုံး၊ ပြည်သူများ၏ စိုက်ပျိုးခြံ(၁၁) ခြံ၊ ဆေးရုံ (၄) လုံး၊ ဆေးပေးခန်း (၂) ခန်း၊ စာသင်ကျောင်း (၁၀) ကျောင်း၊ ဗလီ (၁) ကျောင်း၊ ဘုန်းကြီးကျောင်း (၁၇) ကျောင်းနှင့် ဘုရားကျောင်း(၁၄)ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်များသည် လမ်းသွားလမ်းလာပြည်သူလူထုများနှင့် စစ်ကြောင်းထိုးစဉ် တွေ့ရှိရသော ပြည်သူလူထုများကိုလည်း အကြောင်းမဲ့သေနတ်ဖြင့်ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူလူထုများ အသုံးပြုရာ လမ်းများတွင် နင်းမိုင်းများကို ထောင်ခြင်း၊ ပြည်သူလူထုများကို ပေါ်တာဆွဲခြင်း၊ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပြည်သူပိုင်နေအိမ်များကို မွှေနှောက်ပြီး တန်ဖိုးပစ္စည်းများယူဆောင်ခြင်း၊ ပြည်သူလူထုနေထိုင်ရာနေရာများမှ အခြားနေရာသို့ အတင်းအဓမ္မပြောင်းရွေ့ရန် စေခိုင်းခြင်း၊ လက်နက်ပြ ခြိမ်းခြောက်ငွေတောင်းခံခြင်းနှင့် ဖမ်းဆီးငွေတောင်းခံခြင်းများကို အကြိမ်များစွာကျူးလွန်ခဲ့ကြောင်း သိရသည်။

အထက်ပါလူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်ကောင်စီ တပ်များသည် KNU အုပ်ချုပ်ရေးနယ်မြေများတွင်သာမက မြန်မာနိုင်ငံတစ်ဝန်း ၎င်းတို့ စစ်စခန်းများအခြေချရာနေရာများနှင့် စစ်ကြောင်းထိုးရာနယ်မြေလမ်းကြောင်း တစ်လျှောက်တွင် မရေမတွက်နိုင်လောက်သော ချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ပြီးဖြစ်ကာ ယနေ့အချိန်ထိတိုင် ကျူးလွန်နေဆဲဖြစ်သည်။