စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ၂၃၇၆ဦးထိရှိလာ

Author ခေတ်နီ
Categories
Published on Oct 21, 2022

မြန်မာနိုင်ငံ၌ စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ရက်နေ့မှ စတင်ပြီး ၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၀ရက်နေ့အထိ ၁၉လ အတွင်း၌ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် အရပ်သားဦးရေဟာ၂၃၇၆ဦးထိရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPP၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ် ဖေဖော် ဝါရီ ၁ရက်နေ့မှ ၂၀၂၂ခုနှစ်အောက်တိုဘာလ၂၀ရက် နေ့ ညနေ ၈နာရီအချိန်ထိ AAPPက ကောက်ယူထားခဲ့သည့် စာရင်းများအရ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခံရသူစုစုပေါင်းဟာ ၁၂၇၀၅ ဦးထိရှိနေပြီး ၁၅၈၉ဦးဟာထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။

စစ်ကောင်စီက အပြစ်ဒဏ်ချမှတ်ခဲ့သည့် စာရင်းများတွင်လူ ၈၄ဦးသည် သေဒဏ်ချမှတ်ခံထားရတယ်လို့လဲ AAPP၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် ဖမ်းဆီးခံထားရသူများအတွင်းမှ ၁၂၁ဦးကို မျက်ကွယ်ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်ပြီး ၄၂ဦးကို မျက်ကွယ်သေဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် စစ်အာဏာသိမ်းပြီးချိန်မှစပြီး ယမန်နေ့ အောက်တိုဘာလ ၂၀ရက်နေ့အထိ သေဒဏ်ချမှတ်ခံရသူစုစုပေါင်းသည် ၁၂၆ဦးထိရှိနေပြီး ဖမ်းဆီးခံထားရသူများထဲမှ ၂၂ဦးသည် အာမခံနှင့် ပြန်လည် လွတ်မြောက်လာခဲ့ကြသောကြောင့် ပြန်လည်လွတ် မြောက်သူစုစုပေါင်းသည် ၃၁၇၉ဦးရှိပြီဖြစ်သည်။

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီး သတ်ဖြတ်ခံရတဲ့အရပ်သားပြည်သူတွေရဲ့ သတင်းကိုသိရှိပါက AAPPအဖွဲ့ထံဆက်သွယ်ပြီး အသိပေးအကြောင်းကြားနိုင်ကြောင်းလည်း AAPPမှ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ -AAPP