စစ်ကောင်စီကြောင့် တစ်ပတ်အတွင်း အရပ်သား ၅ ဦး သေဆုံး

Author ခေတ်နီ
Categories
Published on Oct 09, 2023

စစ်ကောင်စီတပ်များ၏ သတ်ဖြတ်မှုများကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ တစ်ပတ်တာကာလ အတွင်း အရပ်သား ၅ ဦးအထိ သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရ သိရသည်။

ထိုတစ်ပတ်တာ ကာလအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုများကြောင့် လူ ၅၈ ဦးအထိ ဖမ်းဆီးခံခဲ့ရကာ စစ်အာဏာသိမ်းစအချိန်မှ စတင်ကာ အောက်တိုဘာလ ၈ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူဦးရေသည် ၂၅၂၅၆ဦးအထိ ရှိနေပြီး ထိုအထဲမှ ၇၆၇၂ ဦးသည် ထောင်ဒဏ်ချမှတ် ခံထားရစဲဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံရသူဦးရေသည် အောက်တိုဘာလ ၁ ရက်နေ့အထိ ၂၄၈၅၈ ဦးအထိသာရှိခဲ့ကာ စစ်ကောင်စီတပ်များ၏ လက်ချက်ဖြင့် သေဆုံးခဲ့သူဦးရေသည်လည်း ၄၁၃၁ဦးသာရှိခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂ရက်တွင် သေဆုံးသူအရေအတွက်သည် ၄၁၃၇ ဦး အထိ တိုးလာခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံထားရသူများအတွင်းမှ ၁၁၉ ဦးကို မျက်ကွယ်ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်ပြီး ၄၃ ဦးကို မျက်ကွယ်သေဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် စစ်အာဏာသိမ်းပြီးချိန်မှစပြီး ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့အထိ သေဒဏ်ချမှတ်ခံရသူ စုစုပေါင်းသည် ၁၅၅ဦးထိရှိနေပြီး ပြန်လည်လွတ်မြောက်သူ စုစုပေါင်းသည် ၅၅၈၇ ဦး ရှိပြီဖြစ်သည်။

ပုံစာညွှန်း – စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသည့် ဖရူဆိုဒေသခံ ကလေးငယ်တစ်ဦး