စစ်ကောင်စီကြောင့် တစ်ပတ်အတွင်း အရပ်သား ၂၃ ဦး သေဆုံး၊ ၂၀ကျော်ဖမ်းခံရ

Author ခေတ်နီ
Categories
Published on Oct 02, 2023

စစ်ကောင်စီတပ်များ၏ သတ်ဖြတ်မှုများကြောင့် ပြီးခဲ့သည့် တစ်ပတ်အတွင်း အရပ်သား ၂၃ ဦးအထိ သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်မှ ၃၀ ရက်အထိ တစ်ပတ်တာကာလအတွင်း အရပ်သား ၂၂ ဦးအထိ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း AAPP စာရင်းအရ သိရသည်။

အရပ်သား သတ်ဖြတ်ခံရသူသည်စာရင်းသည် ပြီးခဲ့သည့်တစ်ပတ်အတွင်း (စက်တင်ဘာ ၁၈ မှ ၂၂ ရက်အထိ)ကထက် ၃၁ ဦး ပိုမိုများပြားလာကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာစသိမ်းပြီးချိန်မှ စတင်ကာ ယခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူ အရပ်သား ၄၁၃၁ ဦးအထိရှိပြီး ဖမ်းဆီးခံထားရသူ ၂၄,၈၃၂ ဦးရှိသည့် အထဲမှ ၇၃၆၉ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရဆဲဖြစ်ကြောင်း AAPP စာရင်းက ဆိုသည်။

ထိုသို့ ဖမ်းဆီးခံထားရသူများအတွင်းမှ ၁၁၉ ဦးကို မျက်ကွယ် ပြစ်ဒဏ်ချမှတ်ထားပြီး ၄၃ ဦးကို မျက်ကွယ် သေဒဏ်ချမှတ်ထားကြောင်း သိရသည်။

ထို့ကြောင့် စစ်အာဏာသိမ်းပြီးချိန်မှစပြီး စက်တင်ဘာလ ၃၀ ရက်နေ့အထိ သေဒဏ်ချမှတ်ခံရသူ စုစုပေါင်းသည် ၁၅၃ ဦးထိရှိနေပြီး ပြန်လည်လွတ်မြောက်သူ စုစုပေါင်းသည် ၅၅၇၂ ဦးရှိပြီဖြစ်သည်။