စစ်ကိုင်း စစ်ရှောင် ၆ သိန်းကျော်အတွက် ရန်ပုံငွေရှာဖွေပွဲ အွန်လိုင်းမှ ပြုလုပ်မည်

Author လင်းနွေဦး
Categories
Published on Mar 28, 2024

စစ်ကိုင်းတိုင်း၊ အညာဒေသအတွင်းရှိ စစ်ရှောင် ၆ သိန်းကျော်၏ အခြေအနေတင်ပြခြင်းနှင့် ရန်ပုံငွေရှာဖွေပွဲကို လာမည့် မတ်လ ၃၁ ရက် မြန်မာစံတော်ချိန် ၇ နာရီတွင် အွန်လိုင်းမှပြုလုပ်မည်ဖြစ်ကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက CJ Platform သို့ သတင်းပေးပို့သည်။

 

ထိုပွဲအတွင်း စစ်ကိုင်းပြည်သူများ၏ အခက်အခဲဒုက္ခများ၊ ရင်တွင်းစကားသံများနှင့် ပဋိပက္ခများအတွင်း ကြံ့ကြံ့ခံ အံတုနေရပုံများ၊ မျှော်လင့်ချက်များနှင့် ၎င်းတို့၏ သဘောထားအမြင်များ၊ စစ်ရှောင်ပြည်သူ ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များကို ဓာတ်ပုံများ၊ ရုပ်သံများ၊ စာရင်းဇယားဆိုင်ရာ Infograph များဖြင့် တင်ဆက်ပြသသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

“ခုပွဲက ရရှိလာမယ့် ရန်ပုံငွေတွေကို မြို့နယ် ၂၅ မြို့နယ်မှာရှိတဲ့ စစ်ရှောင်ကူကယ်ရေးခေါင်းဆောင်အသီးသီးကနေတစ်ဆင့် စစ်ရှောင်ပြည်သူတွေကို ကူညီပံ့ပိုးသွားမှာပါ” ဟု ၎င်းက CJ Platform သို့ပြောသည်။

 

ရန်ပုံငွေပွဲအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ငိုင်းတန်မောင်းအပါအဝင် နာမည်ကျော် အနုပညာရှင်များဖြစ်သည့် မင်းမော်ကွန်း၊ ချစ်သုဝေတို့နှင့်အတူ ဒေါက်တာ ဖြိုးသီဟ၊ ခင်နှင်းကြည်သာတို့ ပါဝင်ဆွေးနွေးမည့်အပြင် ဖျော်ဖြေမှုများပြုလုပ်သွားမည်ဟု သိရသည်။

 

ယခုရန်ပုံငွေပွဲကို တက်ရောက်လိုပါက စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် Facebook Page Messenger တွင် Zoom Meeting Link ကိုတောင်းယူပြီး တက်ရောက်နိုင်မည်ဖြစ်သည်။

 

စစ်ကိုင်းတိုင်း မြို့နယ် ၂၅ ခုမှ အရပ်သားပြည်သူ ၆ သိန်းထက်မနည်း စစ်ဘေးရှောင်နေရသည်ဟု စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံမှ သိရသည်။

Related News

Depend on news