စစ်ကိုင်းရှိ စစ်သားများစခန်းချလေ့ရှိသည့် ပျူရွာထဲသို့ ဗုံးကြဲတိုက်ခိုက်

Author မင်းထက်
Categories
Published on Oct 17, 2023

တော်လှန်ရေးအင်အားစုများအားကောင်းသော စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က စစ်ကောင်စီတပ်သားများစခန်းချလေ့ရှိသည့်ပျူရွာအတွင်းသို့ ဗုံးအလုံး ၃၀ ခန့်ဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ တာ၀န်ခံ ကို Someday က CJ Platform သို့ ပြောကြားသည်။

စစ်ကောင်စီဘက်တော်သားများဖြစ်သော ပျူစောထီးအမည်ခံ မာလဲတောရွာထဲသို့ ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်က Drop Bomb များဖြင့် စစ်သားများစခန်းချနေထိုင်လေ့ရှိသည့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ကင်းစောင့်သည့်နေရာများကို အဖွဲ့များခွဲကာ နေရာအနှံ့ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

” အဲဒီရွာမှာ စကစတပ်သားတွေကတော့ အမြဲလိုလိုရှိတယ်။ အနည်းနဲ့ အများ ရှိတာကတော့ ရှိနေပါတယ်။ အတိအကျတော့ ခန့်မှန်းရခက်တယ်။ ၅၀ လောက်တော့ရှိမှာဗျ။ တိုက်ခိုက်ခဲ့တာက Drop Bomb အလုံး ၃၀ နီးပါးရှိမယ်” ဟု ကို Someday က ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် ပျူရွာအတွင်းရှိ စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့တော်လှန်ရေးပူးပေါင်းအဖွဲ့မှ မဟာမိတ်များအနေဖြင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယခုတိုက်ခိုက်ခဲ့မှုအတွင်း နယ်မြေအနေအထားအရ ရန်သူဘက်မှ ထိခိုက်မှုစာရင်းကို မသိရှိနိုင်သေးကြောင်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဆိုသည်။

ထိုတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း ၂ တပ်ခွဲ ၁ ၊ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Phoenix SGG၊ Royal Falcon Guerrilla Force၊ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။