စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က အရပ်သားပြည်သူ ၆၀ ခန့် အကြောင်းမဲ့ ဖမ်းဆီး

Author မင်းထက်
Categories
Published on Feb 13, 2024

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ တပ်သားများက အရပ်သားပြည်သူ ၆၀ဦးခန့်ကို အကြောင်းပြချက်မဲ့ ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်၀ါရီ ၁၂ ရက်နေ့က စစ်ကိုင်းမြို့နယ်အတွင်း မန္တလေး -ရွှေဘို လမ်းမဘေးတွင်  တည်ရှိသော ရုံးပင်ကန်နှင့် အုန်းတောကျေးရွာကြားတွင် ပြည်သူနှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

“ခရီးသွား ပြည်သူနှစ်ယောက်ဗျ။ ရုံးပင်ကန်နဲ့ အုန်းဝောာကြား မနက် ၁၀ နာရီလောက် ဖမ်းခံရတယ်။ အုန်းတောတပ်က ထွက်ဖမ်းတယ်​”ဟု စစ်ကိုင်းမြို့ဒေသခံက ပြောသည်။

 

အလားတူ ဖေဖော်၀ါရီ ၁၁ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ နတ်ခရိုင်နှင့် ညောင်ပင်ဝန်းကျေးရွာ ကြားတွင် စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့်ဖြင့် ခရီးသွား ကား၊ ဆိုင်ကယ်များကို တားဆီးကာ အမျိုးသား ၄၀ ဦး ကျော်ကို ဖမ်းဆီး သွားကြောင်း သိရသည်။

 

” နတ်ခရိုင်ရွာဘက်က ပြည်သူတွေ ၁၅ ယောက်ကို စစ်မှုထမ်းဥပဒေနဲ့ချိတ်ပြီးတော့ ခေါ်သွားတယ်လို့ သိရတယ်။ နတ်ခရိုင်နဲ့ ညောင်ပင်၀န်းရွာ ကြားက ၄၀ ကျော်လောက်ကတော့ ခရီးသွားပြည်သူတွေပါမယ် ” ဟု စစ်ကိုင်းမြို့နယ်တွင်းက တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောသည်။

 

စစ်ကိုင်းမြို့နယ် အတွင်းတွင် စစ်ကောင်စီတပ်က လူငယ်အမျိုးသားများကို ဖမ်းဆီးစစ်ဆေးခြင်းများ၊ ပေါ်တာဆွဲခြင်းများ လုပ်ဆောင်နေသည်မှာ ယခုနှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းမှ စတင်ကာ သိသိသာသာ တိုးမြှင့်လာခဲ့ကြောင်း သိရသည်။

 

စစ်ကိုင်းမြို့ရှိ  မြို့ပေါ်ရပ်ကွက်အချို့တွင်လည်း အရပ်ဝတ် လက်နက်ကိုင်များဖြင့် မနက်ပိုင်း၊ နေ့လည်ပိုင်း တို့ပါမချန် သံသယရှိလူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းများသည် ၅ ကြိမ် ဝန်းကျင်ခန့် ဖြစ်ပေါ်ခဲ့ကြောင်း ၊ အရပ်၀တ်များဖြင့် ရပ်ကွက်အချို့တွင်လည်း လှည့်လည်လျက်ရှိကြောင်း  မြို့ခံတစ်ဦးက ပြောသည်။

 

ဖေဖော်၀ါရီလ ၁၀ ရက်နေ့ ည ၈ နာရီအချိန်တွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ကြေညာပြီးနောက်  စစ်တပ်က ပေါ်တာဆွဲခြင်းနှင့် တပ်သားသစ် စုဆောင်းခြင်းများကို ပေါ်ပေါ်တင်တင် လုပ်ဆောင်လာခဲ့ရာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း ပြည်သူ  ၆၀ ခန့် ဖမ်းဆီးထားခြင်း ခံနေရကြောင်း ဒေသခံကာကွယ်ရေးတပ်များနှင့် ဒေသခံပြည်သူများ၏ ပြောဆိုမှုအရ သိရသည်။

 

သို့သော် ဖမ်းဆီးခံရသူ အရေအတွက်အား CJ Platform အနေဖြင့် လတ်တလော အတည်ပြုနိုင်ခြင်း မရှိသေးပေ။

 

ထို့​​ကဲ့သို့ စစ်တပ်က အကြောင်းမဲ့ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေ၍ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်လည်းကောင်း၊ နေအိမ်ပြင်ပတွင်လည်းကောင်း သတိရှိစွာ နေထိုင်ကြပါရန် နှင့် စစ်ကောင်တပ်များရှိရာ လမ်းပိုင်းများတွင် သတိထားသွားလာကြရန် ​ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေး ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်