စစ်ကိုင်းမြို့တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားပြီး အိပ်ပျော်နေသည့် ညီအစ်ကိုနှစ်ဦး မီးလောင်သေဆုံး

Author ကိုပေါက်
Categories
Published on Jan 03, 2023

စစ်ကိုင်းမြို့ နန္ဒဝန်ရပ်ကွက် ပုန်းညက် ၃ လမ်းတွင် ယနေ့ ဇန်နဝါရီလ ၃ရက်နေ့ မနက် ၁နာရီခန့်က နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နေအိမ်အပေါ်ထပ်တွင် အိပ်ပျော်နေသည့် ညီအစ်ကိုနှစ်ဦး မီးလောင်သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

နန္ဒဝန်ရပ်ကွက် ပုန်းညက် ၃ လမ်းတွင် နေထိုင်သည့် အငြိမ်းစား သစ်ထုတ်ရေးမန်နေဂျာတစ်ဦး၏ နေအိမ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိပ်အပေါ်ထပ်တွင် အိပ်ပျော်နေသည့် သားနှစ်ဦး မီးလောင်သေဆုံးခဲ့သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“သေသွားတဲ့ ညီအစ်ကိုနှစ်ယောက်က အသက်လေးဆယ်လောက်ရှိတယ် အမွှာညီအစ်ကိုတွေ သူတို့နှစ်ယောက်ကို
ကိုကိုနဲ့ ညီညီလို့ ခေါ်ကြတယ်”ဟု ပြောသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဥ်လေးစီးဖြင့် လာရောက်
မီးငြိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီအချိန်တွင် မီးငြိမ်းသွားသည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကို ပြောသည်။

“ကောင်လေးတွေရဲ့ Dade Body တွေကို ပရဟိတအဖွဲ့တွေလာသယ်သွားတယ် စစ်ကိုင်းဆေးရုံကြီးကို”ဟု ပြောသည်။

မီးလောင်ရာတွင် သေဆုံးခဲ့သူအမျိုးသားနှစ်ဦးမှာ အသက်လေးဆယ်အရွယ် ဦးမျိုးမြတ်ကိုကိုနှင့် ဦးမျိုးမြတ်ညီညီတို့ဖြစ်ပြီး စစ်ကိုင်းမြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့သည်ဟု အုပ်ချုပ်ရေးနှင့်နီးစပ်သူတွေဆီက သိရသည်။

လက်ရှိအခြေအနေတွင် စစ်ကိုင်းမြို့ နန္ဒဝန်ရပ်ကွက် ၃လမ်းရှိ နေအိမ်မီးလောင်မှုဖြစ်စဥ်နှင့် ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဦးစီးဌာနအနေဖြင့် ထုတ်ပြန်လာခြင်း မရှိသေးပေ။

ဓာတ်ပုံ- မြန်မာနိူင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့
#CjPlatform #စစ်ကိုင်းမြို့ #နန္ဒာဝန်ရပ်ကွက် #မီးလောင်မှု