စစ်ကိုင်းမြို့တွင် စစ်မှုထမ်းရန် စစ်ကောင်စီ လက်အောက်ခံအဖွဲ့များ စာရင်းလိုက်ကောက်

Author မင်းထက်
Categories
Published on Mar 22, 2024

တော်လှန်ရေးအင်အားစုများ အားကောင်းသော စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အတွင်း မြို့ပေါ်ရပ်ကွက်အချို့တွင် ပြီးခဲ့သည့်မတ်လ ၁၉ ရက်မှစတင်ကာ စစ်မှုထမ်းရန် စစ်ကောင်စီ လက်အောက်ခံအဖွဲ့များက စာရင်းလိုက်ကောက်နေကြောင်း မြို့ခံများထံမှ သိရသည်။

 

စာရင်းကောက်ခြင်းများအပြင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နာမည်စာရင်းနှင့်တကွ အိမ်တိုင်ရာရောက် ခေါ်ဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများပါ လုပ်ဆောင်နေကြောင်း မြို့ခံများက ဆိုသည်။

 

“အစောပိုင်း  ၁၉ ရက်နေ့လောက်က တပ်မ ၃၃ နားက ပျူကံမှာ စကောက်တယ်။ ပြီးတော့ မြို့သစ်ဘက်နဲ့ မနေ့က(မတ်လ ၂၀ ရက်) စိန်ကုန်းရယ်၊ နန်းစုရပ်နဲ့ ကျွန်တော်တို့ ရွာထောင်ပေါ့။ ဒီမှာ ငါးယောက်၊ ခြောက်ယောက်ပါတယ်လို့ သိရတယ်။ စစ်သားတွေနဲ့ ရပ်ကွက်အုပ်ကြီးတွေ အစည်းဝေးထိုင်နေတယ်။ လိုက်စုတော့မယ်၊ ကောက်တော့မယ်ဆိုတာနဲ့ တိမ်းပြေးလာခဲ့လိုက်တယ်။ ဒီကနေ့ ဘယ်မှာ ဆက်ကောက်မလဲတော့ မသိဘူး” ဟု စစ်ကိုင်းမြို့၊ ရွာထောင်ရပ်နေ ဒေသခံတစ်ဦးက CJ Platform သို့ ပြောသည်။

 

ရွာထောင်ရပ်ကွက်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးနှင့် စစ်သားများက အမည်စာရင်းဖြင့် အိမ်တိုင်ရာရောက် စစ်မှုထမ်းရန်ပါဝင်ကြောင်း အသိပေးခြင်း၊ အမည်စာရင်းပါသူများကို စစ်မှုထမ်းချိန်တွင်လည်း လာရောက်ခေါ်ဆောင်မည်ဖြစ်ကြောင်း၊ ထိုအချိန်မတိုင်ခင် ထွက်ပြေးရန်​ကြိုးစားပါက မိသားစုပါအန္တရာယ်မကင်းကြောင်း ခြိမ်းခြောက်စကားဆိုခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

စစ်ကိုင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က မြို့တော်ခန်းမတွင် စစ်ကိုင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီတရားဝင်သတင်းဌာနများက ထုတ်ပြန်ခဲ့သည်။

 

ထိုသို့ပြုလုပ်ပြီးနောက် တစ်လခန့်အကြာတွင် စစ်ကိုင်းမြို့ပေါ်ရပ်ကွက်အချို့တွင် စစ်မှုထမ်းရန် စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ စစ်သား၊ ရဲများပါ အတူပူးပေါင်းလာရောက် စာရင်းကောက်ခြင်းများပြုလုပ်ကြောင်း မြို့ခံများထံမှ သိရသည်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – ဖေဖော်ဝါရီ ၂၁ ရက်က စစ်ကိုင်းမြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်လာသူများအား တွေ့ရစဉ်