စစ်ကိုင်းပြတ်ရွေ့မှ ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်နေမှုသည် စိုးရိမ်စရာ အခြေအနေဖြစ်ကြောင်း ငလျင်ပညာရှင်ပြော

Author လင်းခိုင်
Categories
Published on Dec 21, 2022

 

စစ်ကိုင်း ပြတ်ရွေ့မှ ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်နေမှုသည် စိုးရိမ်စရာ အခြေအနေဖြစ်ကြောင်း အမည် မဖော်လိုသူ ငလျင်ပညာရှင် တစ်ဦးက CJ Platform သို့ပြောသည်။

“အခုအခြေအနေက စိုးရိမ်စရာပေါ့။ မမှားဘူးဆိုရင် သပိတ်ကျင်း ငလျင်တုန်းက ရစ်ခ်ျတာစကေး ၄ ၀န်းကျင်ရှိတဲ့ ရှေ့ပြေးငလျင်လှုပ်ပြီး နောက် လေးငါးလ အကြာမှာ ၆ဒသမ၈ အဆင့်ရှိ နဲ့လှုပ်တာ” ဟု ငလျင်ပညာရှင်က ပြောသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့မှ ဒီဇင်ဘာ ၂၁ ရက်အထိ မန္တလေး၊ ကချင်နှင့် နေပြည်တော် တို့၌ စစ်ကိုင်းပြတ်ရွေ့မှ ငလျင်ငယ်များ ရှစ်ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် ဒီဇင်ဘာ ၁၅ ရက်နံနက် ၃နာရီခွဲခန့်က လှုပ်ခတ်ခဲ့သည့်ငလျင်နှင့် ဒီဇင်ဘာ ၁၆ ရက် နေ့လယ် ၂နာရီခွဲခန့်က လှုပ်ခတ်ခဲ့သည့် ငလျင်များကြောင့် ဘုရားစေတီအချို့ စိန်ဖူးတော်မြေခခြင်း၊ ငှက်မြတ်နားတော်များမြေခခြင်း၊ ဘုန်ကြီးကျောင်းအချို့ပျက်စီးခြင်း၊ စောင်းတန်းမုဒ်၀ ဆင်ရုပ်၊ ခြင်္သေ့ရုပ်များပျက်စီးခြင်းနှင့် လူနေအိမ်အချို့ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။

၂၀၁၂ ခု နို၀င်ဘာ လအတွင်း သပိတ်ကျင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်ျတာစကေး ၆ဒသမ၈ အဆင့်ရှိ ငလျင်ကြောင့် လူ ဆယ်တစ်ဦးသေဆုံးခဲ့ပြီး ဘုရားစေတီများ၊ လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့မှုအပြင် ဆောက်လုပ်ဆဲတံတား ပြိုကျမှုများဖြစ်ပေါ်ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် သပိတ်ကျင်းမြို့၌ ပင် အင်အားရစ်ခ်ျတာစကေး ၆ဒသမ၃ အဆင့်ရှိ ငလျင်ထပ်မံလှုပ်ရှားခဲ့ပြီး စစ်ကိုင်း၊ မန္တလေး၊ မကွေး အစရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ မြို့နယ် ၂၀ ခန့်တွင် ငလျင်ဒဏ်ကို သိသိသာသာခံစားခဲ့ရသည်။

ငလျင်လှုပ်ခတ်သည့်အခါ အင်အားမပြင်းသော်လည်း လှုပ်ခတ်သည့် အနက်တိမ်ပါက ငလျင်ဒဏ်ကို သိသိသာသာခံစားရကြောင်း၊ တောလဲသံနှင့် သဲပန်းထွက်သည့် ဖြစ်စဉ်မျိုးများလည်း ဖြစ်ပွားတတ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကုလားတန်ပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့ စသည့် ပြတ်ရွေ့ကြောကြီးများပေါ်တွင် တည်ရှိနေပြီး ယင်းငလျင်ကြောများသည် အင်အားရစ်ခ်ျတာစကေး ၆ နှင့်အထက်လှုပ်ခတ်နိုင်သည့် ငလျင်ကြောကြီးများဖြစ်သည်။

ထို့ပြင် ရစ်ခ်ျတာစကေး ၂ မှ ၅ အထိလှုပ်ခတ်တတ်သည့် မြေငလျင်ကြောငယ် လေးဆယ်ခန့်ရှိသည့် အတွက် မြန်မာနိုင်ငံသည် ငလျင်အန္တရာယ်ကို အချိန်မရွေးခံစားရနိုင်ပြီး ကမ္ဘာပေါ်တွင် မြေငလျင်အန္တရာယ်ကြီးမားသည့် နိုင်ငံများတွင်ပါ၀င်သည်။

မြန်မာနိုင်ငံ၌ အင်အားကြီးငလျင်များကြောင့် လူသေဆုံးခဲ့မှုများသည် ၁၉၃၀ ခုနှစ်က စစ်ကိုင်းပြတ်ရွေ့မှ လှုပ်ခတ်ခဲ့သည့် ပဲခူးငလျင်သည် အင်အးရစ်ခ်ျတာစကေး ၇ ဖြင့်လှုပ်ခတ်ခဲ့ပြီး လူ၅၅၀ ကျော်သေဆုံးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ရစ်ခ်ျတာစကေး ၆ဒသမ၈ အဆင့်ရှိ ငလျင်သည် ရှမ်း ပြည်နယ်အရှေ့ပိုင်း၌လှုပ်ခတ်ခဲ့မှုကြောင့် လူ ၈၀ သေဆုံးခဲ့သည်။

စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ကာ မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိရှိနေကာ ယင်းပြတ်ရွေ့တစ်လျှောက်တွင် မြစ်ကြီးနား၊ သပိတ်ကျင်း၊ တကောင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူး၊ ပဲခူးနှင့် ရန်ကုန်စသည့် မြို့ကြီးများ တည်ရှိနေကာ ရစ်ခ်ျတာစကေး ၇ အထိ လှုပ်ခတ်ခဲ့သည့် ပဲခူးငလျင်သည် နှစ်ပေါင်း ၉၀ ကျော်ရှိပြီဖြစ်သောကြောင့် အင်အားပြင်းငလျင်ပြန်လည် လှုပ်ခတ်နိုင်မှုကိုလည်း သတိထားရမည်ဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပဲခူးငလျင် #စစ်ကိုင်းပြတ်ရွှေ့