စစ်ကိုင်းနှင့် ရွှေဘိုတွင် လမ်းပေါ်တက် ငွေမကောက်ရန် PDF များကို သတိပေးထားသော်လည်း မလိုက်နာ

Author မင်းထက်
Categories
Published on Mar 27, 2024

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနှင့် ရွှေဘိုမြို့နယ်တို့ရှိ ခရိုင်ချင်းဆက်လမ်းမကြီးများပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အလှူငွေမကောက်တော့ရန် မြို့နယ်အဖွဲ့များ၏ ကြေညာချက်ကို မလိုက်နာဘဲ ဆက်လက်ကောက်ခံနေကြသည်ဟု CJ Platform သတင်းဌာနမှ စုံစမ်းသိရှိရသည်။

 

အခွန်နှင့် အလှူငွေကောက်သည့်ဂိတ်များကို စစ်ကိုင်းမြို့နယ်တွင် မတ်လ ၁၆ ရက်နှင့် ရွှေဘိုမြို့နယ်တွင် မတ်လ ၂၄ ရက်နေ့နောက်ဆုံးထား ရုတ်သိမ်းကြရန် အသိပေးထားခြင်းဖြစ်သည်။

 

သို့သော် အကြောင်းအမျိုးမျိုး​ပြကာ မလိုက်နာသည့်အဖွဲ့များရှိနေသည်ဟု အမည်မဖော်လိုသည့် စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) အဖွဲ့ဝင်တစ်ဦးက CJ Platform သို့ ပြောသည်။

 

“ကျွန်တော်တို့က တရားမဝင်အဖွဲ့အစည်းမှန်သမျှကို ဖမ်းဆီးအရေးယူမှာပါ။ တရားမဝင်ဆိုတာ ခွင့်ပြုချက်မရှိ လုပ်ဆောင်တဲ့ ဘယ်အဖွဲ့ကိုမဆို ပြောတာပါ။ မြို့နယ် ပကဖ၊ မြို့နယ်ပလဖ၊ တပ်ရင်းတပ်ဖွဲ့တွေ၊ Local တွေဖြစ်စေ အရေးယူဆောင်ရွက်မှာပါ” ဟု ၎င်းက ပြောသည်။

 

၎င်းတို့အနေဖြင့် ငွေကောက်ခံနေခြင်းရှိမရှိ လှည့်လည် စစ်ဆေးကြည့်ရှုသော်လည်း ၂၄ နာရီလုံး နေရာစုံမလှည့်နိုင်ကြောင်း ဆိုသည်။

 

“ကျွန်တော်တို့ မလာတဲ့ချိန်၊ လစ်သွားတဲ့ချိန် တက်ကောက်နေတာ တချို့ကြားသိရတယ်။ အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု မြို့နယ် ပအဖ တာဝန်ရှိသူက ပြောသည်။

 

စစ်ကိုင်းမြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့အချို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDF) များပူးပေါင်း၍ တရားမဝင်ကောက်ခံမှုများ ပပျောက်ရန် ကြိုးပမ်းနေသည်ဟု တာဝန်ရှိသူများက ဆိုသည်။

 

“စစ်ကိုင်းဘက်ကအဖွဲ့တွေ ဝက်လက်မြို့နယ် ရောက်ခါနီးမှာ ဂိတ်တစ်ခုရှိတယ်။ ဘာအတွက်ရယ်တော့ မသိဘူး” ဟု ရွှေဘိုခရိုင်တပ်ရင်းတပ်ဖွဲ့တစ်ခု၏ တပ်ရင်းမှူးတစ်ဦးက ပြောသည်။

 

ယင်းကောက်ခံနေသော အဖွဲ့အစည်းတွင် မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်အချို့မြင်တွေ့ရ​ပြီး မည်သည့်အတွက်ကြောင့် ဂိတ်စခန်းထားရှိသည်ကို မသိရသေးကြောင်း မျက်မြင်တွေ့ရှိခဲ့သူ စစ်ကိုင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

 

“ဒီအဖွဲ့မှာ ဘယ်သူတွေပါဝင်တယ်တော့ မသိရသေးဘူး။ ဘာအတွက်ကြောင့် လုပ်ဆောင်နေကြတယ်ဆိုတာတော့ စုံစမ်းနေဆဲအခြေအနေဖြစ်ပါတယ်။ ဘယ်အဖွဲ့စည်းဖြစ်ပါစေ အရေးယူဆောင်ရွက်သွားမှာပါ” ဟု စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ထို့ပြင် ရွှေဘိုမြို့နယ်တွင်လည်း မတ်လ ၂၄ ရက်နေ့နောက်ဆုံးထား၍ ဂိတ်စခန်းများ၊ အလှူငွေကောက်ခံခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ထားသော်လည်း ဖောက်ဖျက်မှုအချို့ ဖြစ်ပေါ်ခဲ့ကြောင်း မြို့နယ်ပကဖထံမှ သိရသည်။

 

“မြို့နယ်အတွင်း အလှူငွေကောက်ခံတာတွေရုတ်သိမ်းသွားတာတော်တော်များများရှိတယ်။ ဒါပေမဲ့ သတင်းရလို့ ခေါ်ယူပြီး ခုပဲ အစည်းဝေးလုပ်၊ ခံဝန်လက်မှတ်ထိုးခိုင်းထားတဲ့ တစ်ဖွဲ့ရှိပါတယ်” ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

တစ်ဖက်တွင်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များအတွက် ရေရှည်ရပ်တည်ရေးအတွက် ပိုက်ဆံသည် အခရာကျသည့်နေရာတွင် ရှိနေကြသည်။

 

ထို့ကြောင့် ဝင်ငွေရမည့် ရရာလုပ်ဆောင်မှုများကို ကြိုးပမ်းလုပ်ဆောင်နေကြရသည်ဟု ဒေသကာကွယ်ရေးတပ်များက ဆိုသည်။

 

တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ အခွန်ကောက်ခံရရှိမှုအပေါ် ခွဲဝေသုံးစွဲခြင်းဆိုင်ရာမူဝါဒအရ ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် အဖွဲ့များကြားတွင်သာ ခွဲဝေသုံးစွဲနေကြခြင်းဖြစ်သည်။ ဒေသခံကာကွယ်ရေးအဖွဲ့(LPDF)များကိုမူ မျှဝေသုံးစွဲခြင်းမရှိကြဟု ၎င်းတို့က ဆိုကြသည်။

 

“ကျွန်တော်တို့က ဘာမှရတာမဟုတ်ဘူး။ NUG ရဲ့ ထောက်ပံ့မှုမရှိ၊ ကိုယ့်ထူးကိုယ်ချွန်နေကြရတာ” ဟု ဝက်လက်မြို့နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

တော်လှန်ရေးကာလအတွင်း နေ့စဉ်နှင့်အမျှတိုက်ပွဲများဆင်နွှဲနေသော ကာကွယ်ရေးတပ်များအဖို့ ကုန်ဆုံးသွားရသော လက်နက်နှင့် ရိက္ခာများ ပြန်လည်ဖြည့်ဆည်းရန် တော်လှန်ရေးကာလမပြီးဆုံးမီ ရန်ပုံငွေလိုအပ်ချက်များမြင့်တက်လျက်ရှိနေမည်ဖြစ်သည်။

 

ထိုအရာများ ဖြည့်ဆည်းရန်အတွက် တပ်ဖွဲ့ဝင်ငွေရရှိရေး ကြိုးပမ်းမှုတွင်လည်း ခရီးသည်ယာဉ်များထံမှ  ငွေကြေးတောင်းခံမှုများ ပြုလုပ်နေခြင်း၊ အလှူခံခြင်းကြောင့် LDF, PDF နှင့် ပအဖများကြား ပြဿနာများ၊ ပဋိပက္ခများ ရင်ဆိုင်ကြရမှုများရှိခဲ့သည်။

 

ထိုအခြင်းအရာများ ချုပ်ငြိမ်းရေးအတွက် NUG အပါအဝင် သက်ဆိုင်ရာ အဖွဲ့များအနေဖြင့် လက်တွေ့ကျကျပိုမိုထိရောက်စေရန် ကြိုးပမ်းခြင်း၊ တော်လှန်ရေးအဖွဲ့များအတွက် အထောက်ပံ့ကောင်းများပေးစွမ်းနိုင်ရန်လိုအပ်နေသည်ဟု ထိုအကြောင်းအရာများကို သိရှိသူ အညာဒေသတွင်း ထောက်ပို့တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

 

ထိုသို့အထောက်အပံ့ပေးနိုင်ရန်အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများက လုပ်ဆောင်ပေးနေပြီး တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လာရောက်အကြောင်းကြားရန်သာလိုအပ်သည့်အကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ပြောဆိုသည်။

 

“သူတို့အနေနဲ့ မြို့နယ်ပိုင်းဆိုင်ရာအဖွဲ့စည်းတွေဆီ အကုန်လာရောက်လို့ရနိုင်တဲ့အဖွဲ့စည်းတွေကြီးပါ။ တကယ်ပဲ အလုပ်လုပ်နေတဲ့အဖွဲ့အစည်းတွေအနေနဲ့ ကျွန်တော်တို့ မြို့နယ်အဖွဲ့စည်းတွေဆီ ဘာတွေလိုအပ်တယ်။ ဘာတွေလုပ်ဆောင်တယ်ဆိုတာကို တင်ပြပေးရင် လိုအပ်နေတဲ့အရာတွေအတွက် ကျွန်တော်တို့အနေနဲ့ရော၊ ဝန်ကြီးဌာနအနေနဲ့ပါ ခွဲဝေထောက်ပံ့တာမျိုးရှိတယ်။ တကယ်လည်း လုပ်ဆောင်နေပါတယ်။ အဲဒီလို လုပ်ဆောင်ပေးကြဖို့ ဖိတ်လည်း ဖိတ်ခေါ်ပါတယ်” ဟု ၎င်းက ဆိုသည်။