စစ်ကိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ် ၈ ခုမှ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ဟု NUG ထုတ်ပြန် ◼ စစ်တပ် လေကြောင်း ဗုံးကြဲမှုများကြောင့် အရပ်သားများသေဆုံး

Author မင်းထက်
Categories
Published on Nov 04, 2023

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အမှတ် (၁) စစ်ဒေသအတွင်းရှိ စစ်ကိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ် ၈ ခုမှ စစ်တပ်စခန်း ၇ ခု၊ ရဲစခန်း ၃ ခု နှင့် အကျဉ်းစခန်း ၂ ခုတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ တမူး၊ ကလေး၊ ကလေးဝ၊ ကောလင်း၊ ဝန်းသို၊ ကျွန်းလှမြို့နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တို့တွင် တပ်စွဲထားသော ရန်သူ့တပ် အထိုင်စခန်းများ၊ ရဲစခန်းများကို နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ပြည်သူ့တော်လှန်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဆက်တိုက် သိမ်းပိုက်လျက်ရှိကြောင်း ယင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာရှိ စစ်တပ်အထိုင်စခန်းကုန်းကို ခန္တီးခရိုင်တပ်ရင်း (၁)၊ HPDF 124၊ HPDF မိုးကြိုး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်း တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

နိ၀င်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြောက်စည်းကျေးရွာရှိ စစ်ကောင်စီတပ် အထိုင်တပ်စခန်းကို ကလေးခရိုင်တပ်ရင်း ၄ ၊ CNDF၊ CDF KKG၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် စီးနင်း တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း MoD ထုတ်ပြန်ချက်က ဆိုသည်။

ယင်းနေ့ မွန်းတည့် ၁၂ နာရီ ၁၆ မိနစ်ဝန်းကျင်တွင် စစ်တပ်က Mi-35 အကြီးစားတိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် တိုက်ခိုက်ရေးလေယာဉ်(Jet Fighter)တို့ဖြင့် တော်လှန်ရေးတပ်ဖွဲ့များရှိရာနေရာများကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ နို၀င်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ အမှတ် ၂၂၈ ခြေလျင်တပ်ရင်း၊ အမှတ် ၆၄၄ စစ်လက်နက်ပစ္စည်းတပ်စုတို့ကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့ပြစီမံချက် UG Drone အဖွဲ့တို့က Drone (၅) စီးဖြင့် တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အတူ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်အချိန် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာအနီးရှိ အကျဉ်းစခန်း ၁၊ ၂ တို့ကို အထူးလှုပ်ရှားတပ်ရင်း ၂ က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အကျဉ်းစခန်း၂ ကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထို့နောက် အကျဉ်းစခန်း ၁ မှ စစ်ကောင်စီခန့် ရဲ၊ ဝန်ထမ်း ၂၀ ဦးက ပြည်သူ့ဘက်သို့ ကူးပြောင်းခဲ့ပြီး နောင်ထပ် အကျဉ်းစခန်း ၁ ခုကိုပါ မိမိတို့ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ယင်းနေ့နံနက်ပိုင်း တချိန်တည်းမှာပင် စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ စစ်တပ်၏ တပ်အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူပင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ မြို့နယ်ရဲစခန်းကို ကောလင်းခရိုင်ကွပ်ကဲရေးတပ်စိတ်၊ ကောလင်းခရိုင်တပ်ရင်း (၁)၊ ကောလင်းခရိုင် (၂)၊ ကောလင်းမြို့နယ်ပကဖနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း MoD ထုတ်ပြန်ချက်က ဆိုသည်။

စစ်တပ်ဘက်က လေကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့သည့်အတွက် ပြင်ဦးလွင်ရပ်ကွက်ရှိ ပြည်သူ့နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ဆင်စွယ်ရဲစခန်းကို ကန့်ဘလူခရိုင်တပ်ရင်း (၁)၊ ကျွန်းလှမြို့နယ်ပကဖတို့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ဝိတုတ်ကျေးရွာရှိ စစ်ကောင်စီအထိုင်တပ်စခန်းများကို တမူးခရိုင်တပ်ရင်း ၁၊ တမူးခရိုင်တပ်ရင်း ၂၊ အထူးလှုပ်ရှားတပ်ရင်း ၂ နှင့် မဟာမိတ် ABSDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ တချိန်တည်းပင် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ မီးသတ်ရုံးနှင့် တီဗီကုန်းတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို ကောလင်းခရိုင်တပ်ရင်း ၄၊ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းတွင်မူ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ ဂန့်ဂေါခရိုင်တပ်ရင်း(၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ် ABSDF စစ်ကြောင်း (၃) ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခွဲခန့်တွင် စခန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ကျောက်ထုအခြေစိုက် အမှတ် (၃၇၁) အမြောက်တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မင်းရွာဒေသခံ အပြစ်မဲ့ပြည်သူ (၂) ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ)သည် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် လက်တွဲပူးပေါင်းလျက် တပြိုင်နက်တည်း စခန်းသိမ်းတိုက်ပွဲများကို နိုင်ငံအဝန်းတွင် ဟန်ချက်ညီ ဖော်ဆောင် ဆင်နွှဲလျက်ရှိကြောင်းသိရသည်။