စစ်ကိုင်းခရိုင်အတွင်း မီးပတ်ရှို့နေသည့် စစ်ကောင်စီ စစ်ကြောင်းများတွင် PNO တပ်ဖွဲ့များပါ၀င်

Author လင်းခိုင်
Categories
Published on Dec 22, 2022

 

စစ်ကိုင်းခရိုင်အတွင်း မီးပတ်ရှို့နေသည့် စစ်ကောင်စီ စစ်ကြောင်းများတွင် PNO တပ်ဖွဲ့များ ပါ၀င်ကြောင်း စစ်ကိုင်းမြို့အတွင်းရှိ PDF ခေါင်းဆောင်တစ်ဦးက CJ Platform သို့ပြောသည်။

“စစ်ကိုင်းခရိုင်ထဲမှာ နို၀င်ဘာလတုန်းက တိုက်ပွဲထဲမှာ သေနတ်ဒဏ်ရာနဲ့ PNO က တစ်ယောက်ကို ဖမ်းမိတာ၊ သူပြောတာတော့ ရှမ်းပြည်နယ်တောင်ပိုင်းကနေ၊ နေပြည်တော်ကို ရောက်တယ်။ အဲ့ကနေပြီးတော့ စစ်ကိုင်းဘက်ကို ရောက်လာတာ၊ စစ်တပ်က အခြားအဆင့်တွေနဲ့ PNO က ကောင်တွေ ညှပ်ထည့်ထားတာ” ဟု PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။

လက်ရှိ စစ်ကိုင်းခရိုင်အတွင်း စစ်ကြောင်းထိုးနေသည့် တပ်များသည် စစ်သား သီးသန့်မရှိပဲ ပျူစောထီးနှင့် PNO များဖြင့် ရွာများပတ်မီးရှို့နေခြင်းဖြစ်သည်ဟုလည်း ယင်းက ဆက်လက်ပြောကြားသည်။

“ သူတို့ စစ်တပ်မှာ ခြေလျင်အင်အားနည်းနေတော့ ပျူစောထီးတွေဖွဲ့တယ်။ ပြီးတော့ PNO တွေနဲ့ ရွာပတ်မီးရှို့နေတာ။ ဖမ်းမိတဲ့ သူပြောတာတော့ ရွာတွေကို မီးရှို့ဖို့ကို သူတို့ကို တာ၀န်ပေးထားတာ။ နယ်မြေခံ ခွေးအချို့က ရွာလုံးကျွတ်မီးရှို့တာမလုပ်ချင်တော့ သူတို့ကို ရှို့ခိုင်းတာ” ဟု ပြောသည်။

ထို့ပြင် စစ်ကိုင်းခရိုင်အတွင်းရှိ တပ်မ ၃၃ မှ စစ်သားအချို့သည် စစ်ကောင်စီခိုင်းစေသည့် ရွာလုံးကျွတ်မီးရှို့ခြင်းများ မလုပ်ဆောင်လိုသည့်အတွက် တပ်မ ရွှေ့ပြောင်းမှုများ ပြုလုပ်ခိုင်းကြောင်း သိရသည်။

စစ်ကောင်စီသည် တိုင်းပြည်အာဏာကို မတရားလုယူပြီးနောက် မြန်မာနိုင်ငံအနှံ့တွင် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး ၂ နှစ်တာကာလ(၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ နို၀င်ဘာလအထိ)အတွင်း နေအိမ် ၃၈၃၈၃ လုံး မီးရှို့ဖျက်ဆီးမှုအနက် စစ်ကိုင်းတိုင်းတစ်ခုထဲတွင် နေအိမ် ၂၇၄၉၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar ၏ အချက်အလက်များအရသိရသည်။

“ စစ်ကိုင်းမှာ တပ်မ ၃၃ ကနယ်ခံတပ်၊ နယ်ခံတပ်မှာ ဒေသခံ စစ်ေ-ွးတွေပါတယ်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က စစ်ေ-ွးပဲလေ။ သူဆို နယ်ပြောင်းခံလိုက်ရတယ်။ ရင်းမှူး ခိုင်းတဲ့အတိုင်း မီးမရှို့လို့ဆိုပြီး။ သူပြန်ပြောသလောက်က နယ်ခံတွေကို အခြားနေရာပို့တယ်။ အခြားနေရာက လာတဲ့ကောင်တွေက မီးပတ်ရှို့တယ်။ အခုစစ်ကိုင်းမှာ ယခုနှစ်စကနေ ဒီဇင်ဘာအထိ ခွေးတွေမီးရှို့တာ အိမ်ခြေတစ်ထောင်ကျော် ပြာကျကုန်ပြီ” ဟု PDF ခေါင်းဆောင်တစ်ဦးက ဆက်လက်ပြောကြားသည်။

ပအိုဝ်းပြည်သူ့စစ်(PNO)သည် ၁၉၉၁ ခုနှစ်တွင် စစ်တပ်နှင့် ငြိမ်းချမ်းရေးယူခဲ့ပြီးနောက်၊ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ပူးပေါင်းကာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများအပြင် ကယားနယ်စပ်များတွင်ပါ စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်။

လက်ရှိတွင်လည်း ပအိုဝ်းပြည်သူ့စစ်အဖွဲ့သည် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နှင့် ညောင်ရွှေမြို့နယ်များတွင် ၂၀၂၃ တွင်ကျင်းပမည့် စစ်ကောင်စိရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီကို မဲပေးရန်ဖိအားပေးပြီး စာရင်းများကောက်ခံနေကြောင်း သျှမ်းသံတော်ဆင့်က ဖော်ပြထားသည်။

ဓာတ်ပုံ-Google
ပုံစာညွှန်း -စစ်ကောင်စီနှင့် ပူးပေါင်းထားသည့် PNO တပ်ဖွဲ့၀င်များ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #PNO #စစ်ကိုင်းတိုင်း