စစ်ကိုင်းက စစ်ရှောင်များကို ခြံထွက်သီးနှံများ NUG ဝေငှ

Author မင်းထက်
Categories
Published on Sep 30, 2023

စစ်ကိုင်းတိုင်း၊ မြို့နယ် ၂ ခုတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ရည်ရွယ်စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများ အတွင်းမှရရှိသည့် ဟင်းသီးဟင်းရွက်များကို လိုက်လံဝေငှပေးခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“စစ်ကိုင်းတိုင်းမှာ နာဂကလွဲပြီး ကျန်မြို့နယ်အားလုံး ပအဖ ဖွဲ့စည်းအတည်ပြုပြီး ဖြစ်ပါတယ်။ မြို့နယ်၂ မြို့နယ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေဆောင်ရွက်နေပြီး ကန်စွန်း၊ ပဲတောင့်အရှည်သီး၊ ရုံးပတီသီး၊ ချဉ်ပေါင်၊ခရမ်းသီး၊ ပြောင်းဖူး၊ ဘူးသီး၊ ကျောက်ဖရုံသီးပင်များစိုက်ပျိုးထားပါတယ်” ဟု အဆိုပါဌာနမှ တာ၀န်ရှိသူတစ်ဦး CJ Platform သို့ ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ၏ ရေရှည်စားနပ်ရိက္ခာဖူလုံမှုသည် စိုးရိမ်ရသည့်အခြေအနေသို့ရောက်ရှိနေကြောင်း NUG လူစာနာနှင့် ဘေးစီမံဝန်ကြီးဌာနထံမှ သိရသည်။

လုံခြုံရေးအရအမည်မဖော်ပြထားသည့် NUG လူစာနာဝန်ကြီးဌာနက သီးနှံများစိုက်ပျိုးထားရှိသည့် မြို့ ၂ ခုတွင်ကာလရှည်စစ်ရှောင်ဦးရေ ၁၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။

ထို့ပြင်စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များနှင့် မကြာခဏစစ်ကြောင်းထိုးကာ ပြည်သူပိုင်အိုးအိမ်များမီးရှို့ဖျက်ဆီးနေသောကြောင့် ၃ လနှင့်အထက် ကာလရှည်စစ်ရှောင် ၄ သိန်းကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။