စစ်ကိုင်းက စစ်ကောင်စီစခန်းနှစ်ခုကို ဒရုန်းဖြင့် ဗုံးသီးများကြဲချတိုက်ခိုက်

Author မင်းထက်
Categories
Published on Nov 08, 2023

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အုန်းတောရွာရှိ အမှတ် ၆၀၀၅ တင့်ကားတပ်နှင့် ကံတလူတိုးဂိတ်တို့ကို ဒရုန်း​ဖြင့် ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှ တာဝန်ခံ ကို Someday က CJ Platform သို့ ပြောသည်။

 

ပြီးခဲ့သည့် နို၀င်ဘာလ ၅ ရက် နံနက်ပိုင်းက တင့်ကားတပ်ကို ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ပြီးနောက် ယင်းတပ်မှ  ၄၀ မမ များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ယင်းနေ့ ၃ နာရီ၀န်းကျင်တွင် စစ်ကောင်စီတပ်သားများရှိသည့် ကံတလူဂိတ်ကို ဆက်လက်ဗုံးသီးချ တိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။

 

” တိုက်ခိုက်ခဲ့တာက မနက်ခင်းနဲ့ ညနေပါဗျ။ မနက်ခင်းက 6005(တင့်ကားတပ်)ပါ။ ညနေပိုင်း ၂ နာရီကျော် ၃ နာရီ၀န်းကျင်မှာက ကံတလူပါ ” ဟု ကို Someday က ပြောသည်။

 

ယင်းနှစ်နေရာကို ဒရုန်းဖြင့် ဗုံးသီးဆယ်လုံးကြဲချ တိုက်ခိုက်ခဲ့ရာတွင် ပစ်မှတ်များကို တိကျစွာတိုက်ခိုက်နိုင်ခဲ့သော်လည်း ထိခိုက်ကျဆုံးမှုကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

 

အဆိုပါတိုက်ခိုက်မှုကို Phoenix Sgg၊ Royal Falcon၊ Fight For Federal၊ စစ်ကိုင်းခရိုင်တပ်ရင်း ၇ နှင့် UNICorn Guerrilla Force တို့ ပူးပေါင်း၍ စစ်ကိုင်းမြို့နယ် ပကဖမှထုတ်လုပ်သော ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ နို၀င်ဘာ ၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။