စစ်ကိုင်းက ငွေကောက်သည့် PDF ဂိတ်များ မတ် ၁၆ အပြီးရုတ်သိမ်းရန် စာထုတ်၊ မလိုက်နာလျှင် အရေးယူမည်ဟုဆို

Author မင်းထက်
Categories
Published on Mar 11, 2024

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ခရိုင်ချင်းဆက်လမ်းမကြီးများပေါ်တွင် အလှူငွေကောက်ခံနေသော တော်လှန်တပ်ဖွဲ့များအနေဖြင့် မတ်လ ၁၆ ရက်နေ့နောက်ဆုံးရုတ်သိမ်းရမည်ဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(စစ်ကိုင်းမြို့)က ထုတ်ပြန်သည်။

 

ထို့ကြောင့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အလှူခံခြင်း၊ အခွန်ကောက်ခံခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက တရားဥပဒေအရ အရေးယူမည်ဖြစ်​ကြောင်း ထိုအဖွဲ့က ယမန်နေ့ မတ်လ ၁၀ ရက်နေ့က အသိပေးထုတ်ပြန်သည်။

 

စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်း-ရွှေဘိုလမ်း၊ စစ်ကိုင်း-မုံရွာလမ်းများအပါအဝင် ခရိုင်ချင်းဆက်လမ်းများပေါ်တွင် ကာကွယ်ရေးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ တရားမဝင်ငွေကြေးကောက်ခံခြင်းနှင့် လမ်းပေါ်တက်၍ အလှူခံခြင်းများပြုလုပ်နေသည့်အတွက် ပြည်သူများအနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်ကြောင်း တိုင်တန်းမှုများရှိသည်ဟု ထိုထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

“ ပြည်သူတွေ တိုင်ထားတဲ့စာတွေအစုံပေါ့ဗျာ။ ဒါတွေကို လုပ်ဖို့ရာအတွက်က အဖွဲ့စည်းအနေနဲ့ ဥပဒေတစ်ရပ်အဖြစ် လုပ်ဖို့ပြောတဲ့အခါကျ ခရိုင်ပအဖကနေစာထုတ်ပေးတယ်။ ခုတစ်ခါကျ မြို့နယ်ပအဖကနေ ဆက်ပြီးစာထုတ်ပေးတဲ့အခါမှာ လမ်းပေါ်မှာ အဖွဲ့စည်းတွေ၊ လုံးဝတရားမဝင်တဲ့အဖွဲ့စည်းတွေ ပိုက်ဆံမကောက်ဖို့၊ အလှူမခံကြဖို့ ဒါကိုစာထုတ်ပြန်တာပါ” ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

မြို့နယ်ပအဖ အခွန်ကောက်ခံရေးအဖွဲ့၏ ထိန်းကျောင်းမှုဖြင့် မြို့နယ်ပကဖနှင့် ပလဖများဖြင့် ပူးတွဲကာ မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များကို ထိန်းကျောင်းကူညီပံ့ပိုးရန် တိုင်ပင်ဆွေးနွေးပြီးနောက် ယခုကဲ့သို့ စာထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

“မဟုတ်တောင် စခဂိတ်တွေမှာ တစ်ထောင်အနည်းဆုံးလိုလိုပေးနေရတာ။ PDF တွေကို လှူရတာ ကျေကျေနပ်နပ်ပါပဲ။ ဒါပေမဲ့ သေနတ်ကြီး တကားကားနဲ့ ကားတားကားတား ကားပေါ်တက် အလှူခံတာမျိုး၊ မရပ်ရင် တချို့ပစ်တာမျိုးပါရှိခဲ့တော့လေ။ ​တစ်ခါတလေတော့ အနှောင့်အယှက်ဖြစ်တာပေါ့။ ကိုယ့်လူကြောက်ရ၊  စကစကြောက်နေရတာမျိုးတွေတော့ မဖြစ်စေချင်ဘူး” ဟု အထက်ပါလမ်းပိုင်းများတွင် ကုန်တင်ယာဉ်မောင်းနေသူ တစ်ဦးက ပြောသည်။

 

မတ်လ ၇ ရက်၊ ညနေ ၄ နာရီခန့်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငယှန်ကျေးရွာအနီး မုံရွာ-မန္တလေးကားလမ်းပေါ်တွင် အလှူငွေကောက်နေသော အမည်မသိတော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်များ အိမ်စီးကားများဖြင့် အသွင်ယူလာသည့် စစ်ကောင်စီအင်အား ၃၀ ကျော်က နှစ်ဖက်ညှပ်တိုက်ခံခဲ့ရ၍ တော်လှန်ရေးရဲဘော် လေးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရှိခဲ့သည်။

 

ဓာတ်ပုံ – စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့