စက်သုံးဆီရရန်ခက်ခဲ၍ လူမှုကူညီရေးအဖွဲ့များ အခက်တွေ့ ⬛ လူနာပါမှသာ စက်သုံးဆီရောင်းပေးဟုဆို

Author ခေတ်နီ
Categories
Published on Dec 12, 2023

ရန်ကုန်အပါအဝင် မြို့ကြီးများတွင် စက်သုံးဆီပြတ်လပ်လာသည့်အတွက် ဝယ်ယူရခက်ခဲလာခြင်း၏ ရိုက်ခက်မှုအနေဖြင့် အရေးပေါ်လူနာများ သယ်ယူရာတွင် ခက်ခဲမှုများရှိလာနေကြောင်းလူမှုကူညီရေးပရဟိတအသင်းအဖွဲ့များက CJ Platform သို့ပြောကြားသည်။

 

ဒီဇင်ဘာ လဆန်းပိုင်းမှစတင်သည့် စက်သုံးဆီပြတ်လပ်မှုသည် ယခုအချိန်ထိ ပြေလည်ခြင်းမရှိသေးဘဲ လူအများ စက်သုံးဆီရရှိနိုင်ရန် အချိန်များစွာစောင့်ဆိုင်းဝယ်ယူနေကြရသည်။

 

ထိုအခြေအနေများကို  ရန်ကုန်မြို့မှ ပရဟိတအဖွဲ့များအနေဖြင့်လည်း ရင်ဆိုင်နေရပြီး အရေးပေါ်လူနာများကို ဆေးရုံသို့ အချိန်မီပို့ဆောင်နိုင်ရန် ဆီမလုံလောက်မှုများကြောင့် ဆီတန်းစီရမှုတွင် လူနာပါလာမှသာလျှင် ဆီထည့်ပေးသည့်အခြေအနေများနှင့် ရင်ဆိုင်‌နေရကြောင်း ရန်ကုန်မြို့က ပရဟိတသမားများက ဆိုသည်။

 

“အနားကဆိုင်တွေက လူနာပါမှဆီပေးမယ်ဆိုတော့ လူနာကို အရောင်နဲ့ သတ်မှတ်ရတယ်။ အနီရောင်အဆင့်၊ အဝါရောင်အဆင့်၊ အစိမ်းရောင်အဆင့် ဆိုပြီး သူတို့ပြောသလို လူနာပါမှ ဆီပေးမယ်ဆိုရင် အစိမ်းရောင်လူနာအဆင့်ဆို ပြဿနာမရှိဘူး။ အဝါတို့၊ အနီတို့ဆိုတာ ကျတော့  လမ်းမှာတင် တစ်ခုခုပြောင်းလဲသွားနိုင်တယ်” ဟု ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အမည်မဖော်လိုသည့် ပရဟိတအသင်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

၎င်းက ဆက်လက်၍ စက်သုံးဆီအရောင်းဆိုင်များကို ယခုကဲ့သို့မေးခွန်းထုတ်ပြောကြားသည်။

 

“Oxygen ကျလူနာ၊ အမောဖောက်လူနာ၊ သွေးထွက်လွန်လူနာ၊ Accident လူနာတို့ကိုခေါ်ပြီး ဆီအရင်ဖြည့်ရမလား။ ဆေးရုံ အရင်ပို့ရမလား။ ဆေးရုံပို့ပြီး ပြန်လာလို့ ဆီမရှိရင်၊ လူနာမပါရင် ဆီမရဘူးလားပေါ့” ဟု ၎င်းက မေးခွန်းထုတ်သည်။

 

လူနာတင်ယာဉ်များသည် စီးပွားရေးမလုပ်ဘဲ အများပြည်သူကျန်းမာရေးကို အကူအညီပေးနေခြင်းသာဖြစ်ပြီး အများအလှူငွေဖြင့် ရပ်တည်နေရသည့်အတွက် အမြဲ ပိုက်ဆံရှိနေကြမည်ကြောင်း၊ ပရဟိတအသင်းများ၏ ဘတ်ဂျက်သည် အမြဲပိုလျှံခြင်းမရှိသည့်အတွက် ဆီတန်းစီရပါက ရှိသည့်ဆီ‌လျော့မည့်အပြင် ဆီတန်စီးနေစဉ် လူနာလမ်းကြောင်းပေါ်လာပါက ဆီမရှိလျှင် အခက်အခဲဖြစ်ပေါ်နိုင်ပြီး ဆီရှိနေပါက အလျင်အမြန်အကူအညီပေးနိုင်ကြောင်း ၎င်းက ဆိုသည်၊

 

စစ်ကောင်စီ၏ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကမူ ဒီဇင်ဘာလမကုန်မီ စက်သုံးဆီသင်္ဘော ၂၀ ကျော် တင်သွင်းမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ စက်သုံးဆီပြတ်လပ်မှုသည် ရက်သတ္တပတ်နှစ်ခုအထိ ထပ်မံကြာမြင့်နိုင်ကြောင်း ဆိုထားသည်။

 

လက်ရှိ ရန်ကုန်မြို့က အကန့်အသတ်ဖြင့် ရောင်းချပေးနေသည့် ဆီဆိုင်ကြီးများတွင်  အောက်တိန်း 92 တစ်လီတာလျှင် ၂၄၆၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ငွေကျပ် ၂၅၇၅ ကျပ်ဈေးဖြစ်ပြီး ဘူးဖြင့်ရောင်းသည့် လမ်းဘေးဆီဆိုင်များတွင်မူ အောက်တိန်း 92 တစ်လီတာ တစ်ဘူးလျှင် ကျပ် ၄၀၀၀ မှ ၆၀၀၀ အထိ စျေးရှိနေကြောင်း သိရသည်။