စက်သုံးဆီပြတ်လပ်မှုကြောင့် သီးနှံစိုက်တောင်သူတွေ ဘာတွေ ခက်ခဲနေသလဲ

Author မင်းထက်၊ လဂွန်းအိမ်
Categories
Published on Dec 16, 2023

စက်သုံးဆီပြတ်လပ်မှုဟာ မြို့နေလူထုကိုပဲ ထိခိုက်တယ်လို့ ထင်ကြပေမယ့် ဒါဟာ တစ်နိုင်ငံလုံးကို ထိခိုက်တာပါပဲ။ သီးနှံစိုက်တောင်သူတွေမှာလည်း သွင်းအားစု စက်ကရိယာတွေကို လည်ပတ်ဖို့အတွက် စက်သုံးဆီဟာ မဖြစ်မနေကို လိုအပ်ပါတယ်။ သီးနှံစိုက်တောင်သူတွေ လက်ရှိအချိန်မှာ ဘယ်လိုတွေ ရင်ဆိုင်နေရသလဲ CJ Platform ရဲ့ ဒီတစ်ပတ် “ဒုက္ခအတိတွေ့နေသူများရဲ့ တီးတိုးသံ” ကဏ္ဍကနေ ဖော်ပြပေးလိုက်ပါတယ်။

****************************************

 

“ဒီလိုအရင်းကြီးရင်းပြီး နိုင်ငံရေးမကောင်းလို့ သွားရလာရကြပ်တည်းပြီး မရောင်းရရင်တော့ တို့တွေတော့ ဂျွမ်းပြန်ပြီပဲ”

 

စစ်ကိုင်းမြို့နယ် ၊ ဒီပဲယင်းကွဲရွာ ကြက်သွန်စိုက် တောင်သူတစ်ဦးရဲ့ တီးတိုးသံ။

 

ခုကတို့ဆီက လတ်တလောမှာက စိုက်ပျိုးရေးလုပ်ငန်းအတွက် စိုက်ခင်းတွေမှာ ရေသွင်းရတာက စက်တွင်းကနေတင်ရတာဆိုတော့ ဒီဇယ်စက်အတွက် ရေနံက မဆိုသေးဘူး ၀ယ်ရတာ ဓာတ်ဆီ  ၀ယ်ရခက်တာ။ ခုဆို ကြက်သွန်စိုက်မှာ ဓာတ်ဆီမရလို့လေ ရေနံတွင်းနဲ့ ရေတင်ရမဲ့အခင်းကို သွားစိုက်ရမှာ ဒုက္ခများတယ်လေ သွားရလာရတာ။

 

ကြက်သွန်ပင်က စိုက်တဲ့အချိန်ကစပြီး ရိတ်သိမ်းတဲ့အချိန်ထိက အစိုဓါတ်ရှိနေတာမျိုးပဲကြိုက်တော့ ဒီအတွက် ရေတင်ဖို့စရိတ် ပြီးရင် စိုက်ဖို့လူငှားစရိတ်က အစ စကုန်ပြီ ပြီးရင် မြေဆီ အစစအရာရာ စျေးကြီးနေတာဗျာ။ ဘာမှချောင်လည်တာ မရှိတဲ့ကြား ဆီကပြတ် စျေးကပါထတက် ၊ ၀ယ်ရခက်တော့ လုပ်ရကိုင်ရတာ အကြပ်ရိုက်တာပေါ့။ ဒီလိုအရင်းကြီးရင်းပြီး နိုင်ငံရေးမကောင်းလို့ သွားရလာရကြပ်တည်းပြီး မရောင်းရရင်တော့ တို့တွေတော့ ဂျွမ်းပြန်ပြီပဲ။

****************************************

 

“ရိတ်စက်ကတော့ ငှားရတာပေါ့ ဆီ၀ယ်ရခက်ပြီး စျေးတက်တော့  စက်တွေ ငှားရမ်းခပါ စျေးတက်တာပေါ့”

 

ရွှေဘိုမြို့နယ် ၊ ပလိုင်းကျေးရွာ စပါးစိုက်တောင်သူတစ်ဦးရဲ့ တီးတိုးသံ။

 

ဆီ၀ယ်ရတာလည်း အများကြီးမရကြဘူး နည်းနည်းပါးပါးရကြတာ အဲ့ဒါတောင် တစ်ဂါလံ ၁၇၅၀၀ နဲ့ ၁၈၀၀၀ ထိ ပေး၀ယ်ရတယ်။ ခုကလဲ စပါးရိတ်သိမ်းကာလဆိုတော့လေ စပါးရိတ်စက်တွေမှာ အသုံးပြုဖို့၀ယ်ရတယ် ။ဦးလေးတို့တော့ ဆိုင်ကယ်မှာထည့်ဖို့ ဓာတ်ဆီပဲလိုတာ တစ်လီတာ ၄၀၀၀ ပေး၀ယ်နေရတယ် အရင်က ၂၀၀၀ ၊ ၂၅၀၀ ဆိုရတယ်။  ရိတ်စက်ကတော့ ငှားရတာပေါ့ ဆီ၀ယ်ရခက်ပြီး စျေးတက်တော့  စက်တွေ ငှားရမ်းခပါ စျေးတက်တာပေါ့ အရင်က တစ်ဧက ၈ သောင်းခွဲ ၊ ၉ သောင်းပတ်ချာလည်ကို အခုတော့ တစ်သိန်းခုနှစ်သောင်းလောက်ထိ ပေးငှားရတယ်။ စရိတ်တွေပိုတက်လာတာပေါ့ဗျာ။

****************************************

 

“တစ်လောက(မကြာသေးခင်က) ဆီ ၂ ပေပါ သိုလှောင်ထားလို့ဆိုပြီး လာဖမ်းသွားသေးတယ်”

 

ညောင်တုန်းမြို့နယ်မှ တောင်သူအမျိုးသမီးတစ်ရဲ့ တီးတိုးသံ။

 

“ဓာတ်ဆီက တစ်ဂါလံကို ၁၇၀၀၀ / ၁၈၀၀၀ လောက်ဝယ်ရတယ်။ လွယ်လွယ်ဝယ်လို့ရတာတော့မဟုတ်ဘူး၊ မှောင်ခိုရောင်းတဲ့ဆီကပဲ ဝယ်ရတာလေ၊ ရင်နှီးလို့ ပတ်သက်ရာ ပတ်သက်ကြောင်းနဲ့ပဲ ဝယ်လို့ရတာ အများကြီးလည်း ဝယ်မထားရဲဘူး၊ အများကြီးဝယ်ထားရင်လဲ သူတို့က ဖမ်းပြန်ရော။ တစ်လောက(မကြာသေးခင်က) ဆီ ၂ ပေပါ သိုလှောင်ထားလို့ဆိုပြီး လာဖမ်းသွားသေးတယ် သူတို့ကို ဘာကြောင့်ဆိုပြီး ရှင်းပြလို့မရဘူးနော် ပစ္စည်းသိမ်းတယ် လူကို ဒဏ်ငွေ ရိုက်တယ်ပေါ့။ အဲ့ဒီတော့ စက်သုံးဆီဆို ကိုယ်သုံးဖို့တောင် လုံလုံလောက်လောက်ဝယ်လို့လဲမရ ဝယ်လည်း မဝယ်ထားရဲတဲ့ဘဝတွေပါပဲ။

****************************************

 

“အခုလိုရာသီချိန်မှာ ဆီကို ပေပါနဲ့ဝယ်ထားတာလေ အခုတော့ မဝယ်ရဲဘူး ဆီသိုလှောင်တယ်ဆိုပြီး ပြသနာလာရှာမှာဆိုးရတယ်”

 

ဓနုဖြူမြို့နယ်မှ တောင်သူဦးကြီးတစ်ဦးရဲ့ တီးတိုးသံ။

 

ကွမ်းခြံအတွက်တော့ ဆီက သွားတိုးလိုက်တယ်။ အပြင်မှာရောင်းနေတာတွေရှိတယ် အရေးပေါ်လိုလို့ တစ်ခါသွားဝယ်မိပါတယ် ဓာတ်ဆီရော ဒီဇယ်ရော ဘယ်မှာမှမရလို့ ဓာတ်ဆီ တစ်လီတာကို ၅၅၀၀ နဲ့ ဒီဇယ်တစ်ဂါလံကို ၂၂၀၀၀ ပေးဝယ်ခဲ့ရတယ်။ အခုတော့ ဆိုင်ကယ်နဲ့ မြို့ပေါ်တက်ပြီး ဆီဆိုင်သွား တန်းဆီလိုက်တယ်။ အဆင်ပြေတယ်တော့ မထင်နဲ့ တစ်ခါတိုးမှ ၃ ထောင်ဖိုးရတာ၊ တစ်နေကုန် ၄ ခါလောက် တန်းစီ‌လိုက်ရင်တော့ တစ်ဂါလံလောက်တော့ ရတာပေါ့ အဲ့ဒါနဲ့ပဲ ရေတင်ရတာ။ ကိုယ့်ကွမ်းခြံက သူများလိုလည်း အများကြီးစိုက်မထားတော့ လောက်ငှတယ်ပဲပြောရမယ်။ အပြင်မှာတော့ သူများတွေ ဝယ်နေကြတာရှိပေမယ့် ဈေးကြီးတော့ သိပ်မဝယ်ဖြစ်ဘူး အခုလိုတန်းစီပြီးပဲ သုံးလိုက်တယ်။ အရင်တုန်းကလိုမျိုးဆို အခုလိုရာသီချိန်မှာ ဆီကို ပေပါနဲ့ဝယ်ထားတာလေ အခုတော့ မဝယ်ရဲဘူး ဆီသိုလှောင်တယ်ဆိုပြီး ပြသနာလာရှာမှာဆိုးရတယ်။ ဒီကောင်တွေက ဒုက္ခတော့ အမျိုးမျိုးပေးတတ်တယ်။ဆီတန်းစီဖို့ ဆိုင်ကယ်နဲ့မြို့သွားလည်း ဆိုင်ကယ်ဦးထုတ်ပါပါ မပါပါ အမျိုးမျိုး အကြောင်းပြပြီး ဖမ်းသေးတာ။

****************************************

 

“ဆီတစ်ခါဝယ်ဖို့ကို ရပ်‌ရွာအုပ်ချုပ်ရေးမှူးဆီက ထောက်ခံစာသွားလုပ်ရတယ် ထောက်ခံစာရမှ ဆီဆိုင်တွေက ရောင်းပေးတာ”

 

ကျုံပျော်မြို့နယ်မှ အိမ်တွင်းစက်မှုလုပ်ငန်းရှင်တစ်ဦးရဲ့ တီးတိုးသံ။

 

စက်သုံးဆီက အရင်ရက်ကတော့ တစ်ပေပါဝယ်လို့ရသေးတယ် ခုရက်တော့ တစ်နေ့စာလောက်ပဲ ဝယ်လို့ရတော့တာ ဆီတစ်ခါဝယ်ဖို့ကို ရပ်‌ရွာအုပ်ချုပ်ရေးမှူးဆီက ထောက်ခံစာသွားလုပ်ရတယ် ထောက်ခံစာရမှ ဆီဆိုင်တွေက ရောင်းပေးတာ၊ အခုက ဆီဆိုင်တိုင်းလည်းမရတော့ဘူး ဆိုင်ကြီးတွေမှာပဲရတော့တယ် လုပ်ငန်းရှင်တွေတောင် ဆီဆိုင်က သတ်မှတ်တဲ့ခွဲတမ်းပဲရတာ ပိုမရဘူး ၁ ဂါလံ ၂ ဂါလံလောက်ပဲရတော့တာ တစ်ချို့ဆို စာရွက်ကလေးတွေကိုင်ပြီး သွားဝယ်ရတာပေါ့ ဒါပေမယ့် ရင်းနှီးရာပတ်သက်ကြောင်း အသိဆီဆိုင်တွေဆိုရင်တော့ ရတာပေါ့ ဒါတောင် အခုရက်မရပါဘူး။ ပေပါလိုက်ဝယ်ဖို့ မပြောနဲ့ ဂါလံနဲ့ တစ်နေ့စာလုံ လောက်အောင်ကို မနဲပဲ လိုက်ဝယ်နေရတာ။ တစ်ခါတစ်လေ မလုံလောက်လို့ အပြင်မှာဝယ်ရင် တစ်ဂါလံ ၁၉၀၀၀ ပတ်ဝန်းကျင်ရှိတယ်။ တစ်ပေပါ ၁၀ သိန်းစွန်းစွန်းနဲ့ ရောင်းတာတော့ရှိတယ် မဝယ်ဖြစ်ဘူး စက်မှာက လုပ်ငန်းလိုင်စင်ရှိတဲ့အတွက် ၁ ပေပါ ၂ ပေပါ လောက်တော့ထားလို့ရမယ်ထင်တာပဲ လုပ်ငန်းမပြနိုင်ရင်တော့ အဖမ်းခံရမှာပေါ့ စက်လည်နိုင်ဖို့အတွက်က စက်သုံးဆီက မရှိမဖြစ်လေ အခု ဆီက လိုသလိုဝယ်မရတော့ ဒုက္ခရောက်တာပေါ့။