စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ယင်းနှင့် ဆက်စပ်နေသည့် လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာ

Author နီနီ
Categories
Published on Feb 05, 2023

 

ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ယင်းနှင့်ဆက်စပ်နေသည့် လုပ်ငန်းများမှာ ရှေ့ဆက်ရပ်တည်ရန် ခက်ခဲလာကြောင်း သိရသည်။

စက်သုံးဆီ အဓိကထား အသုံးပြုသည့် အငှားယာဥ်လုပ်ငန်း၊ ပစ္စည်းပို့ (Delivery) လုပ်ငန်း၊ ခရီးသွား မော်တော်ယာဥ်လုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်များနှင့် အထည်ချုပ်လုပ်ငန်း စသည်ဖြင့် လုပ်ငန်းများမှာ အခက်အခဲများစွာ ရှိလာခဲ့ပြီး အချို့မှာ လုပ်ငန်းပြောင်းလဲ လုပ်ကိုင်လာကြသည်ကို တွေ့ရှိလာရသည်။

စက်သုံးဆီဈေးနှုန်းများမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလနောက်ပိုင်း မှစတင်ကာ ဈေးနှုန်းများမြင့်တက်လာခဲ့ပြီး သြဂုတ်လတွင် စံချိန်သစ်တစ်ခု တင်ရသည့် အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး စက်တင်ဘာလမှာတော့ စက်သုံးဆီ တစ်လီတာကို ကျပ် ၄၀၀၀ ကျော်အထိ စံချိန် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အနည်းငယ်စီ ပြန်လည်ကျဆင်းလာခဲ့ရာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ စက်သုံးဆီဈေးနှုန်းများဟာ ၁၉၀၀ ကျပ် ဝန်းကျင်ထိ ကျဆင်းခဲ့ပြီး ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အစမှာတော့ စက်သုံးဆီ တစ်လီတာကို ၂၃၀၀ ကျပ်ဝန်းကျင်ထိ ပြန်လည် မြင့်တက်လာခဲ့သည်ကို တွေ့ရှိရသည်။

“ဆီဈေးက ကျ မလို၊ မကျ မလိုနဲ့ ပြန်ပြန်ထိုးတက်နေတာ၊ အခုလဲ ၂၃၀၀ ကျော်လေ၊ အခုနောက်ပိုင်း လူတွေကလဲ ကားသိပ်မငှားကြတော့ဘူး၊ ဟိုနားဒီနား ၃၀၀၀ ခေတ်ဖြစ်နေပြီလေ၊ ဆီကလည်းတစ်နေ့ ကို ၄ သောင်း ကျော်ဖိုးလောက် ထည့်နေရတာ၊ အခုက ဆီဖိုးအရင်ရှာနေရတယ်” ဟု ရန်ကုန်မြို့တွင်း အငှားယာဥ်မောင်းသူ ကိုပိုင် (အမည်လွှဲ) ကပြောသည်။

အငှားယာဥ်များမှာ စီးနင်းသူများနှင့် ညှိနှိုင်းကာ ယာဥ်စီးခကို ကောက်ခံလာကြပြီး ၎င်း တို့အနေဖြင့်လည်း နံနက် ၆ နာရီမှ ညနေ ၅ နာရီဝန်းကျင်ထိ အငှားယာဥ်မောင်းမည်ဆိုပါက ဆီဖိုးမှာ ၄ သောင်းကျပ်ဖိုး ထည့်ရပြီး ဆီဖိုးပြည့်ရန် ဦးစွာ ရှာဖွေနေရသဖြင့် မိသားစုဈေးဖိုးပင် နေ့စဥ်မပေးနိုင်ကြောင်း ပြောပြလာကြသည်။

ယခုလို မြင့်တက်နေသည့် ကုန်ဈေးနှုန်းများနှင့် တစ်နေ့တာ စားဝတ်နေရေးအတွက် ဖြေရှင်းနိုင်ရန် ကြိုးစားရှာဖွေနေရချိန် စက်သုံးဆီဖိုးပြည့်ရန် ရှာဖွေရသည်မှာ ခက်ခဲလာသဖြင့် အငှားယာဥ်မောင် လုပ်ငန်းအား ရပ်နားကာ အခြားလုပ်ငန်းများပြောင်းလဲ လုပ်ကိုင်လာကြကြောင်း သိရသည်။

အလားတူ ပစ္စည်းပို့ (Delivery) လုပ်ငန်း လုပ်ကိုင်သူများမှာလည်း ဆီစားသက်သာသည့် ဟိုက်ဂျက်များ၊ Delivery Ban များဖြင့် ပစ္စည်းပို့ဆောင်ကြသော်လည်း စက်သုံးဆီဈေး မြင့်တက်နေခြင်းကြောင့် စက်ဘီးနှင့် ဘတ်ထရီစက်ဘီးများကို သာ ပြောင်းလဲ အသုံးပြုလာကြသည်ဟု Delivery လုပ်ငန်း လုပ်ကိုင်သူများက ဆိုကြသည်။

” ဆီဈေးတက်နေတာနဲ့ ကားနဲ့ ပို့တာက တစ်နေ့ကို အကြောင်း ၂၀ ကျော် ၃၀ လောက်တောင် မကိုက်ချင်ဘူးလေ၊ စက်ဘီးနဲ့ ကြတော့ လူပင်ပန်းပေမယ့် သက်သာတာပေါ့လေ ၊ ပစ္စည်းကြီးတာတွေကတော့ ကားသုံးတာပေါ့ တစ်နိုင်တွေကတော့ စက်ဘီးနဲ့ပို့တယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ Delivery လုပ်ကိုင်သူ မမေကပြောသည်။

ပြည်တွင်းမှ စက်သုံးဆီဈေးနှုန်းများ စတင်မြင့်တက်လာရခြင်းမှာ ဒေါ်လာဈေး မြင့်တက်နေခြင်းနှင့် စက်သုံးဆီခွဲတန်း မရခြင်းကြောင့် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်းလည်း စက်သုံးဆီ အရောင်းဆိုင်မှ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

” ဆီကခွဲတန်းနဲ့ ရတာဆိုတော့ ၊ ပြတ်ပြီဆိုတက်ပြီပဲ ၊ ဒေါ်လာနဲ့ ကမ္ဘာ့ရေနံဈေးတွေနဲ့ ဆိုင်တယ် ဆိုပေမယ့် ခွဲတန်းပြဿနာက ပိုဆိုးတယ်” ဟု ၎င်း ကပြောသည်။
ထို့အပြင် ရေလုပ်ငန်းရှင်များမှာလည်း အချို့သော ငါးဖမ်းလှေကြီးများအား အင်ဂျင်ပြောင်းလဲ တပ်ဆင်ကာ လုပ်ငန်းများ လုပ်ဆောင်နေခြင်း၊ လှေအချို့အား အလှည့်ကျ ရပ်နားကာ အသုံးပြုခြင်းများပါ လုပ်ဆောင်နေရသည်။
“နေ့ငါးတွေကို ဖမ်းဖို့ကိုတောင်မှ ဆီဖိုးနဲ့ အထိအမိကိုကြည့်ပြီးတော့ ထွက်ရတယ်၊ ညငါးကတော့ ရှေ့ပြေးလှေတွေက ငါးအုပ်တွေ့တယ်ဆိုမှ လှေကြီးလွှတ်ပြီး ထွက်တာများတော့တယ်၊ မဟုတ်ရင် ဆီဖိုးနဲ့က ဘယ်လိုမှ မကိုက်ဘူးမို့”ဟု ဧရာဝတီတိုင်း ငပုတောမြို့နယ်နေ ရေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၄ ရက်၏ စက်သုံးဆီဈေးနှုန်းမှာ ဒီဇယ် တစ်လီတာလျှင် ၂၂၇၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၃၅၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၁၃၀ ကျပ် နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၁၉၅ ကျပ် စသည်ဖြင့် ဈေးနှုန်းများ ဖြစ်ကြောင်း စက်သုံးဆီ အရောင်းဆိုင်မှ သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စက်သုံးဆီ