စက်သုံးဆီစျေးနှုန်းမြင့်တက်လာပြီးနောက် အဝေးပြေးကားလက်မှတ်များ ၅ထောင်အထိ စျေးနှုန်းမြင့်တက်

Author CJ Platform
Categories
Published on Aug 26, 2022

🖋အောင်နိူင်သူ

စက်သုံးဆီ ဒီဇယ်စျေးနှုန်းမြင့်တက်မှုကြောင့် အဝေးပြေးကား ကားလက်မှတ်များ ငါးထောင်အထိစျေးနှုန်းမြှင့်တက်သွားသည်ဟု ခရီးသွားပြည်သူတွေဆီက သိရသည်။

ရန်ကုန်မှ မိုးကုတ်သို့ သြဂုတ်လ ၂၂ ရက်နေ့က ခရီးသွားလက်မှတ်စျေးနှုန်းမှာ လေးသောင်းခွဲရှိမှ ယခုအခါ ငါးသောင်းအထိမြင့်တက်သွားသည်ဟု ခရီးသွားတစ်ဦးက ပြောသည်။

“သြဂုတ် ၂၃ အထိကို လေးသောင်းခွဲပဲ ဒီနေ့ ငါးသောင်းဖြစ်သွားတယ် ဆီစျေးတက်လို့ဆိုပြီး အခြားကားလက်မှတ်တွေလည်း စျေးတက်တယ်”ဟု ပြောသည်။

နေပြည်တော်မှ ရန်ကုန်ကို ယခင်က ကားလက်မှတ်စျေးနှုန်းမှာ တစ်သောင်းခွဲရှိရာမှ ယနေ့ကားလက်မှတ်စျေးနှုန်းမှာ တစ်သောင်းရှစ်ထောင် မှ နှစ်သောင်းအထိ စျေးတက်သွားသည်ဟု နေပြည်တော်ဒေသခံတစ်ဦးက ပြောသည်။

“သုံးထောင်ကနေ ငါးထောင်အကြား စျေးတက်သွားတာ အရင်လိုမဟုတ်ဘူး မန္တလေးကားလက်မှတ်တွေလဲ စျေးတက်တယ်”ဟု ပြောသည်။

ကားလက်မှတ်များမှာ မိမိသွားမည့် ခရီးစဥ်အကွာအဝေးကို ကြည့်၍ သုံးထောင်မှ ခြောက်ထောင်အထိ တိုးမြှင့်ထားသည်ဟု အဝေးပြေးကားလက်မှတ်အရောင်းဌာနမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“ဆီကလည်း သိတဲ့အတိုင်းတက်နေတာဆိုတော့ ယာဥ်လိုင်းတွေလဲ တက်ကြတာပဲ အချို့က ၂၉ ရက်မှ တက်မယ် အချို့ကလည်း ဒီကနေ့ကတည်းက စတက်တယ် အချို့ကတော့ မနက်ဖြန်မှ တက်မယ်ဆိုပြီး ပြောနေကြတာပဲ”ဟုရှင်းပြသည်။

ခရီးသည်တင်အဝေးပြေးကားများမှာ မကြာသေးမီက စစ်ကောင်စီက လူမဲ့တန်ဆာ မတင်ရဆိုသည့် အမိန့်ထုတ်ပြန်ချက်ကြောင့် ဝင်ငွေများလျှော့ပါးလာသည်ဟု အဝေးပြေးဝင်းအတွင်း ကုန်တင်ကုန်ချလုပ်ကိုင်သူတစ်ဦးက ပြောသည်။

“အရင်ကဆို ကားတွေက ကုန်ပါတယ် အခုစစ်တပ်က လူမဲ့တန်ဆာ မတင်ရဘူးဆိုတော့ ကုန်သိပ်မပါတော့ လူလဲပါးတယ် အလုပ်လဲပါးတယ်”ဟု ပြောသည်။

စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ ဒီကနေ့ထုတ်ပြန်တဲ့ စျေးနှုန်းများအရ ရိုးရိုးဓာတ်ဆီ တစ်လီတာ စျေးနှုန်းမှာ ရန်ကုန်မှာ ၃၂၂၅ကျပ်နဲ့ ဟားခါးမြို့မှာ ၃၅၄၀ကျပ် အထိရှိပြီး ပရီမီယံဒီဇယ်စျေးနှုန်းမှာ ရန်ကုန်မှာတစ်လီတာ၃၃၀၅ ကျပ်အထိရှိပြီး ဟားခါးမှာတော့ ၃၆၁၀ အထိရှိသည်။