စက်ရုံများမှ အလုပ်သားအခွင့်အရေးချိုးဖောက်မှုကို စစ်ကောင်စီမှ ကာကွယ်ပေးပြီး လိမ်လည် သတင်းထုတ်ပြန်နေ

Author ခေတ်နီ
Categories
Published on Sep 26, 2022

မြန်မာနိုင်ငံအတွင်း အထည်ချုပ်စက်ရုံများတွင် ဖြစ်ပေါ်နေသည့် လုပ်သားအခွင့်အရေးချိုးဖောက်မှုများသည် ဟုတ်မှန်မှုမရှိပဲ ကောလာဟလများသာဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ အလုပ်သမားဝန်ကြီးဌာနမှ လိမ်လည် သတင်းထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် မီဒီယာဌာနများမှလည်း ဝိုင်းဝန်း ဝါဒဖြန့် လိမ်လည်နေကြောင်း အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများထံမှ သိရသည်။

ဝါးတစ်ရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ၌ အလုပ်သမားများ ဥပဒေချိုးဖောက်ခံနေရမှုအပေါ် အလုပ်သမားအခွင့်အရေး လုပ်ဆောင်နေသည့် အဖွဲ့များနှင့် ပြည်သူ့သတင်းဌာနများမှ သတင်းများဖော်ပြခဲ့သည်ကို သတင်းမှန်ကန်မှု မရှိဟု စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် သတင်းဌာနများမှလည်း ဝိုင်းဝန်းသတင်းဖော်ပြကာ လိမ်လည်ဝါဒဖြန့်ချီခဲ့ကြသည်။

“လုပ်သားအခွင့်အရေး ချိုးဖောက်ခံရမှုတွေက အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးလာတယ် အထည်တားဂတ်မပြည့်ရင် အချိန်ပို အလကားဆင်းပေးရတာတွေ ဖြစ်လာတယ်။ အဲ့တာမှမပြည့်ရင် Sundayမှာပါ မနားရဘဲ အိုတီကြေးမရဘဲ ဆင်းရတာတွေရှိလာတယ်။ နောက်ပြီး ကိုယ်ဝန်သည်တွေကို သူတို့ကိုယ်ဝန်စရှိတာကို စက်ရုံကသိရင် အလုပ်ကနေ နားခိုင်းတာတွေရှိတယ်။ ပြောမယ်ဆို အလုပ်ဖြုတ်တာပေါ့ ဒါကပုံမှန်ဆို ကိုယ်ဝန်ဆောင်တယောက်ဟာ မီးမဖွားခင် ခြောက်ပတ်နဲ့ မီးဖွားပြီး ရှစ်ပတ်ခွင့်ရတယ်။ လူမှုဖူလုံရေးကြေးရော ရက်မှန်ကြေးကိုပါ ခံစားခွင့်ရှိတယ်ပေါ့။ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ရှင်ဘက်က ဒါကိုမပေးချင်တော့ အလုပ်ကို အပြီးနားခိုင်းတာတွေ ရှိလာတယ်။ အလုပ်ခွင်မှာ ထိခိုက်မိရင်လဲ ဆေးကုသခွင့်က သေချာမရဘူး ဒီလိုချိုးဖောက်မှုတွေရှိနေတာပေါ့ ဒီထက်ဆိုးတဲ့ ချိုးဖောက်မှုတွေလဲ ရှိနေတယ်”ဟု မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FGWMမှ တွဲဖက်အတွင်းရေးမှူးဖြစ်သူ မအိမှ CJ Platformကိုပြောသည်။

ယခုလို အထည်ချုပ်စက်ရုံများတွင် လုပ်သားအခွင့်အရေး ချိုးဖောက်ခံရမှုများကို ထုတ်ဖော်ပြောဆိုခဲ့သည့် အလုပ်သမားတချို့ကိုလည်း အလုပ်ရှင်များမှ ဥပဒေမဲ့ အလုပ်ထုတ်မှုများကိုလဲ ကြုံတွေ့နေရကြောင်း သိရသည်။

“ဒါလိုတွေချိုးဖောက်ခံနေရတာတွေကို အလုပ်သမားတွေက ပြောရင် ပြောတဲ့သူကို အလုပ်ထုတ်တယ်။ တခုခုကိုပြောတာနဲ့တင် အလုပ်ထုတ်တာ မထုတ်နဲ့လို့ပြောရင်လဲ အလုပ်သမားအတွက် အကာအကွယ်မရဘူး ဒါတွေကို အစိုးရလက်အောက်က ဌာနတွေကိုပြောရင်လဲ အဲ့ဌာနတွေက အလုပ်ရှင်ကို လှမ်းပြောတယ် ဟိုကပိုက်ဆံထုတ်ပိုက်ပြီး လာပိတ်တယ်။ အစိုးရဌာနက ဆင်းတောင်မစစ်ဘူး မရှိဘူးဆိုပြီးလိမ်ပေးတယ်။ ဒါက အရပ်သားအစိုးရရော စစ်အစိုးရမှာရောဖြစ်နေတာ”ဟု သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာက တာဝန်ရှိသူ မမျိုးမျိုးအေးမှ CJ Platform ကိုပြောသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် စစ်ကောင်စီမှ အလုပ်သမားအခွင့်အ‌ရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများနှင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား မတရားအသင်းအဖြစ်ကြေညာခြင်းနှင့် ဖမ်းဆီးဝရမ်းထုတ်ခြင်းများကို လုပ်ဆောင်ခဲ့ပြီး ယင်းအခြေအနေများကြောင့် အလုပ်ခွင်များတွင် အလုပ်သမားများ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများကို အကာအကွယ် ပေးနိုင်ခြင်းမရှိတော့ဘဲ ပိုမိုဆိုးရွားလာနေခြင်းဖြစ်သည်။

ထို့အပြင့် ယခုလို အလုပ်သမားများ၏ အခြေခံလုပ်သားအခွင့်အရေး ချိုးဖောက်ခံရမှုများအပေါ်မှာလဲ စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနလက်အောက်မှ အလုပ်သမားရေးရာဌာနများကလည်း သေချာတိကျသည့် ဖြေရှင်းပေးမှုများမရှိဘဲ အလုပ်ရှင်ဘက်က ရပ်တည်ပြီး ဘက်လိုက်ဖြေရှင်းပေးမှုများနှင့် ကာကွယ်ပြောဆိုပေးမှုများလည်း ရှိနေခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမား ၁.၁သန်းလောက်သည် အလုပ်အကိုင်ဆုံးရူံးခဲ့ပြီး အထည်ချုပ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် အလုပ်သမားများ၏ အခြေခံလုပ်သားအခွင့်အရေးချိုးဖောက်ခံရမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ပိုမိုဆိုးရွား လာနေတာပဲဖြစ်သည်။