စက်ရုံတွင်း အလုပ်သမားများ ကိုယ်ထိလက်ရောက် ကျုးလွန်ခံနေရသော်လည်း လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီက ဖြေရှင်းမပေး ဟုဆို

Author ခေတ်နီ
Categories
Published on Feb 13, 2023

 

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်းရှိ Myanmar Cincerece Co,Ltd အထည်ချုပ်စက်ရုံတွင် အလုပ်ခွင်အတွင်း အလုပ်သမားများအနေဖြင့် ကိုယ်ထိလက်ရောက် စော်ကားခြင်း ကျူးလွန်ခံနေရသော်လည်း အလုပ်ရှင်ဘက်မှ ဖွဲ့စည်းထားသည့် လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီ WCC က စက်ရုံအတွင်း ဖြစ်ပွားနေသည့် အလုပ်သမားများ၏ နစ်နာမှုများကို ဖြေရှင်းဆောင်ရွက်ပေးမှု မရှိကြောင်း အလုပ်သမားများ၏ ပြောဆိုမှုကို ကိုးကားကာ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FGWMမှ ထုတ်ပြန်ထားသည်။

လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် ဆိပ်ကမ်းသာလမ်းရှိ တရုတ်နိုင်ငံသားပိုင် Myanmar Sincerece Co,Ltd အထည်ချုပ်စက်ရုံတွင် အလုပ်သမားများအား အထည်စံချိန်မပြည့်ပါက ဝမ်တိန်ထိုးခိုင်းကာ အလုပ်ထုတ်ပစ်မည်ဟု စက်လိုင်းတာဝန်ရှိသူများက ဖိအားပေး ခိုင်းစေနေပြီး အလုပ်သမားကို အော်ဟစ် ရိုင်းပြစွာ ပြောဆိုကာ အလုပ်သမားများ၏ ကျွမ်းကျင်မှု အဆင့်အလိုက် အလိုက် အထည်စံချိန် မရပါက ဝမ်တိန်ထိုးပြီး အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်မှုများ ရှိနေတာပဲ ဖြစ်သည်။

ထို့အပြင် အလုပ်သမားများ အထည်ချုပ်ရာမှာလည်း အမှားပါပါက စက်လိုင်းတာဝန်ရှိသူများမှ အထည်ဖြင့် ပစ်ပေါက်ကာ အော်ဟစ်ဆဲဆိုမှုများ ရှိနေပြီးထမင်းစား အဆောင်တွင်လည်း ထမင်းစားခုံ မရှိတာကြောင့် နေ့စဉ် မြေပြင်တွင် ထမင်းထိုင်စားနေရကြောင်း သိရသည်။

ယခုကဲ့သို့ အလုပ်ခွင်အတွင်း ဖိနှိပ်ခံရမှုများကို စက်ရုံတွင်း ဖွဲ့စည်းထားသည့် လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ WCC ကို တိုင်ကြားခဲ့သော်လည်း ဖြေရှင်း ဆောင်ရွက် ပေးမှုမရှိဘဲ အလုပ်ရှင်ဘက်က ရပ်တည်နေကြောင်းလည်း
FGWM ကဆိုထားသည်။

“အလုပ်ရှင်ဘက်ကဖွဲ့ထားတဲ့ wcc တွေက အလုပ်သမား ဘာဖြစ်ဖြစ် အလုပ်သမားဘက်မှာ မရပ်တည်တာဘဲ၊ မန်နေဂျာကလဲ အတော်ဆိုးတယ် အလုပ်ထုတ်မယ်ဆိုတာကြီးပဲ၊ အောစူပါက ကိုယ်ထိလက်ရောက် ရိုက်တာတွေ အထိပါ ခိုင်းတယ်လို့ ပြောတယ်”ဟု FGWMမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ စက်ရုံသည် AMERICAN HOLIC ကုန်အမှတ်တံဆိပ်ကို အဓိကချုပ်လုပ်ကာ
အလုပ်သမား ၈၅၀ ခန့်ဖြင့် လည်ပတ်နေသည့် စက်ရုံတစ်ခုဖြစ်ပြီး ယခုလို အလုပ်ခွင်အတွင်း ဖိနှိပ်ခံနေရခြင်းနှင့် ပတ်သက်ပြီး WCCမှ ဖြေရှင်းမပေးတာကြောင့် အများပြည်သူများ သိရှိနိုင်ရန်နှင့် နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များက ကူညီဖြေရှင်းပေးရန် အလုပ်သမားမှ လိုလားနေကြသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #အထည်ချုပ်စက်ရုံ #လုပ်သားအခွင့်အရေး