စက်တော်စေတီ ဗျူဟာကုန်းနှင့် တပ်စခန်း(၈) ခုမှ သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများအား NUG ထုတ်ပြ

Author မောင်ထူးဆန်း
Categories
Published on Nov 18, 2023

ကရင်နီပြည် နှင့် ရှမ်းပြည်အစပ် မိုးဗြဲ-ဖယ်ခုံရှိ စစ်ကောင်စီ၏ စက်တော်စေတီ ဗျူဟာကုန်းနှင့် တပ်စခန်း(၈) ခုအား ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်း တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးအဖြစ် အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ကာ ညီနောင် မဟာမိတ်သုံးဖွဲ့မှ စတင်ခဲ့ပြီးနောက် ကရင်နီပြည်၌ နိုဝင်ဘာ (၁၁) ရက်နေ့တွင် KNDF ၊ PDF များနှင့်အတူ တော်လှန်ရေးအင်အားစုများမှ ၁၁၁၁ စစ်ဆင်ရေးအဖြစ် စတင်ကာ တိုက်ပွဲများ ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည် ။

နိုဝင်ဘာလ (၁၅) ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည့် စက်တော်စေတီ ဗျူဟာကုန်း တိုက်ပွဲအပြီး သိမ်းပိုက်ရရှိသည့် လက်နက်ခဲယမ်းများအား အမျိုးသားညီညွှတ်ရေးအစိုးရ ၏ ကာကွယ်ရေးဝန်ကြီးဌာန (MoD)မှ ယမန်နေ့ ညနေပိုင်း၌ ထုတ်ဖော်ပြသခဲ့သည်။

သိမ်းပိုက်ရရှိသော လက်နက်များမှာ MA ကာဘိုင် ၁၀ လက်၊ MA 4 (၁)လက်၊ MA 1 (၈)လက်၊ MA 3 (၄)လက် ၊ ကျည်ဘောက် ၈၀ ခန့် ၊ ငါးကြင်းမြီး စက်လက်ငယ် (၂) လက်၊ ၀ ဒဿမ၅ စက်လက်ကြီး (၁) လက် ၊ ၀ ဒဿမ၅ ကျည်အပြည့်ပါ သေတ္တာ (၁၂) လုံး ၊ ၆၀ မမ စိန်ပြောင်း ၁ လက် ၊ ၄၀ မမ စိန်ပြောင်း ၂ လက် ၊ RPG ၁ လက် ၊ Drone တစ်စင်းနှင့် Jammer ၁ လက်၊ RPG သီး ၃၀ ခန့် ၊ လက်ပစ်ဗုံး ၁၂၀ ကျော်၊ မိုင်းရှာစက် (၂) ခု ၊မိုင်း အမျိုးမျိုး (၁၂)လုံး ၊ ဆက်သွယ်ရေး စက် (၂) လုံး ၊ အီနာဂါ (၈) လုံး ၊ ကျည်ဆံ အမျိုးမျိုး နှင့် တခြားသော စစ်အသုံးအဆောင် များစွာတို့ ပါဝင်သည်။

ယခုအခါ မိုးဗြဲ ဖယ်ခုံဒေသတွင် တော်လှန်ရေးအင်အားစုများဖြစ်ကြသည့် အလယ်ပိုင်းတိုင်းစစ်ဒေသ၊ ရှမ်းတောင်ဗျူဟာ (၁) တပ်ရင်းများဖြစ် ကြသော (၁၀၀၁) တပ်ရင်းMB-1၊ (၁၀၀၂) တပ်ရင်း PK-1၊ (၁၀၀၆) တပ်ရင်း PK-2၊ (၁၀၀၇) တပ်ရင်း MB2၊ (၁၀၀၄) PKS PDF၊ ရှမ်းတောင်ဗျူဟာ(၂) တပ်ရင်းများ ဖြစ်ကြသော (၁၀၀၃) တပ်ရင်း၊ (၁၀၀၅) တပ်ရင်း၊ (၁၀၀၈) တပ်ရင်း၊ (၁၀၀၉) တပ်ရင်း၂၊ (၁၀၁၁) တပ်ရင်း၊ KNDF ဗျူဟာ (၁) တပ်ရင်းများဖြစ်ကြသော KNDF BO-3၊ KNDF BO-11၊ KNDF BO-22 နှင့် မြို့ပြတော် လှန်ရေးတပ်ဦး (U.R.F) အပါအဝင် တော်လှန်ရေးအင်အားစုများမှ မိုးဗြဲ ၁၁.၁၁ (MB11.11) စစ်ဆင်ရေး ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့ မှ စတင် ဖော်ဆောင်နေကြကြောင်း သိရသည်။