စက်တင်ဘာတစ်လအတွင်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲ ၃၀၀ ကျော်ဖြစ်၊ စစ်သား ၁၇၀ ဦးကျော်သေဆုံးသကဲ့သို့ တော်လှန်ရေးရဲဘော် ၄၀ ကျော်ကျဆုံး

Author မင်းထက်
Categories
Published on Oct 17, 2023

မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲများဆင်နွှဲနေရာ ပြီးခဲ့သည့်စက်တင်ဘာတစ်လအတွင်း စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲ အကြိမ် ၃၀၀ ကျော်ဖြစ်ပွားခဲ့ရာ၌ စစ်ကောင်စီတပ်သား(၁၇၅)ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၄၀ ကျော်ကျဆုံးခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုရ(NUG)က ထုတ်ပြန်သည်။

စက်တင်ဘာလအတွင်း အမှတ်(၁)စစ်ဒေသဖြစ်သော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း NUG ၏ အမှတ်(၁)စစ်ဒေသက ယနေ့ အောက်တိုဘာလ(၁၇)ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

တိုက်ပွဲ ၃၂၃ ကြိမ်ဖြစ်ခဲ့ရာတွင် စစ်သား ၁၇၅ ဦး သေဆုံး၍ ၃၀၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဖက်တွင်လည်း ပြည်သူ့တော်လှန်ရေးရဲဘော် ၄၂ ဦးကျဆုံးကာ ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အတွင်း ဆက်လက်ဖော်ပြထားသည်။

စစ်ကောင်စီလက်အောက်ခံ ရန်သူ့စစ်တပ်ထံမှ လက်နက်မျိုးစုံ ၄၆ လက်အပါအဝင် ကျည် ၃၅၁၈ တောင့်၊ ဗုံးသီး ၅ လုံးနှင့် မိုင်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း NUG ၏ စစ်ရေးသတင်းထုတ်ပြန်ချက်က ဆိုသည်။

ဤတိုက်ပွဲများကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ(EROs)ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့်ဩဂုတ်လအတွင်းက နှစ်ဖက်ထိတိုက်ပွဲ ၄၃၀ ကြိမ်အထိဖြစ်ပွားခဲ့ပြီး စစ်သား ၃၃၀ ဦးသေဆုံး၍ ၄၅၄ ဦးဒဏ်ရခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော် ၁၈ ဦးကျဆုံးပြီး ၅၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း နှိုင်းယှဉ်ပါက ထိတွေ့တိုက်ပွဲအကြိမ်ရေအပါအဝင် စစ်သားသေဆုံး/ဒဏ်ရာရမှုလျော့နည်းခဲ့သော်လည်း တော်လှန်ရေးရဲဘော်ကျဆုံးမှုမြင့်တက်ခဲ့ကြောင်း NUG ထုတ်ပြန်ချက်များအရ သိရသည်။