ငွေဆောင်ကမ်းခြေတွင် လူစည်ကားနေကြောင်း MRTVမှ ဝါဒဖြန့်ရိုက်ကူးရန် စီစဉ်နေ

Author စကားဝါ
Categories
Published on Nov 05, 2022

ငွေဆောင်ကမ်းခြေတွင် တန်ဆောင်တိုင်ပွဲတော်ရက် လူစည်ကားနေကြောင်း စစ်ကောင်စီလက်အောက်ခံ MRTVမှ ဝါဒဖြန့်ရိုက်ကူးရန် စီစဉ်ဆောင်ရွက်နေကြောင်း CJ Platform သတင်းအရင်းအမြစ်များထံမှ သိရသည်။


နိုင်ဝင်ဘာလ ၆ရက်နေ့ တန်ဆောင်မုန်းလဆန်း ၁၄ရက်နေ့နှင့် တန်ဆောင်မုန်းလပြည့်နေ့များတွင် ငွေဆောင်ကမ်းခြေ၌ အလွန်တရာ စည်ကားနေကြောင်း ဝါဒဖြန့်ချီနိုင်ရေးအတွက် စစ်ကောင်စီမှ ငွေဆောင်ကမ်းခြေရှိ ဟိုတယ် သုံးခုအား ကြိုပြင်ဆင်ကာ ပျော်ပွဲရွှင်ပွဲများ လုပ်ဆောင်ထားစေကြောင်း သိရသည်။

“စည်လားဆိုတော့ စည်တယ်ပဲပြောရမယ်၊ အထက်အညာဘက်တို့ ကျိုက်ထီးရိုးဘက်တို့ကို လူတွေက မသွားရဲတော့ ချောင်းသာ၊ငွေဆောင်ကိုလှည့်လာကြတာ၊ ချောင်းသာမှာ လူပိုများတယ်၊ငွေဆောင်မှာတော့ လူစည်တယ်ပဲပြောရမယ်၊ MRTVက မနက်ဖြန်မှာ လူစည်တယ်ဆိုပြီး သတင်းရိုက်ပြဖို့ကိုလာမယ်၊ နိုင်ငံခြားသားတွေနဲ့ပါ စည်ကားနေတယ်လို့ ပြချင်လို့ ဟိုတယ်တစ်ခုမှ ရုရှားနိုင်ငံသားအများစုကို လျှော့စျေးနဲ့ပေးတည်းထားတယ်”ဟု ငွေဆောင်ကမ်းခြေရှိ CJ Platform သတင်းအရင်းမြစ်မှ ပြောသည်။

ကျိုက်ထီးရိုးစေတီတော် ကင်မွန်းစခန်းတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြည်သူများအနေဖြင့် အထက်မြန်မာပြည် ဘုရားဖူးခရီးစဉ်များအားလုံးနီးပါးကို ဖျက်သိမ်းခဲ့ပြီး ဧရာဝတီတိုင်းအတွင်းရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေများကိုသာ လာရောက်မှုများ များပြားခဲ့သော်လည်း ကိုဗစ်ကာလမတိုင်မှီ ပုံမှန်ပွဲတော်ရက်များနှင့် နှိုင်းယှဉ်ပါက ခရီးသွားဝင်ရောက်မှု လွန်စွာ နည်းပါးနေသေးကြောင်း သိရသည်။
ဓာတ်ပုံ-CJ Platform
ပုံစာညွှန်း- ယနေ့ညနေပိုင်း ငွေဆောင်ကမ်းခြေမြင်ကွင်းများ
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform