ငြိမ်းချမ်းရေးလက်မှတ်ထိုးထားသည့် PNLO ညီနောင်မဟာမိတ်များနှင့်အတူ စစ်ကောင်စီကို ပြန်တိုက်မည်ဟုဆို

Author လဂွန်းအိမ်
Categories
Published on Jan 27, 2024

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က ဖယ်ဒရယ်ဒီမိုကရေစီဖော်ဆောင်နိုင်ရန် ညီနောင်မဟာမိတ်များနှင့်ပူးပေါင်းကာ စစ်ကောင်စီကို ပြန်လည်တွန်းလှန်တိုက်ခိုက်မည်ဖြစ်ကြောင်း ယမန်နေ့ (ဇန်နဝါရီ ၂၆ ရက်)ရက်စွဲဖြင့် ထုတ်ပြန်ထားချက်အရ သိရသည်။

 

ရှမ်းတောင် ဆီဆိုင်မြို့ စခန်းသိမ်းတိုက်ပွဲများတွင် တော်လှန်ရေးတပ်ပေါင်းစုများနှင့် ပူးပေါင်းတိုက်ခိုက်နေသည်ဟု သတင်းများထွက်ပေါ်နေသည့် PNLO က ယခုကဲ့သို့ ၎င်းတို့၏ ရပ်တည်ချက်ကို တရားဝင်ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

 

ပအိုးဝ့်ကိုယ်ပိုင်ခွင့်ရဒေသအတွင်း စစ်ကောင်စီနှင့်ပူးပေါင်းထားသည့် ပအိုဝ်းပြည်သူ့စစ်(PNO)က ဇန်နဝါရီ ၂၁ ရက်နေ့တွင် PNLO ယာဉ်တန်းကို တားဆီးပြီး တပ်သားဖမ်းဆီးခဲ့ရာမှ ယင်းအဖွဲ့အစည်းနှစ်ခုကြား စစ်ရေးတင်းမာမှုစတင်ခဲ့ခြင်းဖြစ်သည်။

 

ထိုမှတစ်ဆင့် စစ်ကောင်စီက PNLO ဌာနချုပ်အဝန်းအဝိုင်းဖြစ်သော နော်ထော်ကျေးရွာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှ ရှမ်းတောင်ရှိ ဆီဆိုင်မြို့ပေါ်အထိ စစ်ရေးကူးဆက်ကာ တိုက်ပွဲများပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

 

စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ကာလတစ်လျှောက်လုံး မျှော်လင့်ချက်ကြီးစွာ ပါဝင်ခဲ့သော်လည်း အာမခံချက်ရှိသည့် နိုင်ငံရေးရလဒ် မရရှိခဲ့ဟု PNLO က ထုတ်ပြန်ချက်အတွင်း ထည့်သွင်းပြောဆိုသည်။

 

PNLO/PNLA အနေဖြင့် NCA သဘောတူညီချက်အတိုင်း တိုက်ပွဲမဖြစ်ခင်အချိန်အထိ ရပ်တည်ခဲ့သော်လည်း ယခုအခါ အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ဖယ်ဒရယ်ဒီမိုကရေစီ ခရီးကို ညီနောင်မဟာမိတ်များနှင့်အတူ လျှောက်လှမ်းတော့မည်ဖြစ်ကြောင်း ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ရှမ်းမြောက်က ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း အဘက်ဘက်မှရှုံးနိမ့်လာသော စစ်ကောင်စီသည် ရှမ်းမြောက်ဒေသတွင် များစွာသော စခန်းကြီး/ငယ်များနှင့် မြို့များကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ဟိုင်ဂင်သဘောတူချက်ရယူကာ ယာယီအပစ်ထားခဲ့ရသော်လည်း  ယခုအခါ ရှမ်းပြည်တောင်ပိုင်းတွင် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များထဲမှ PNLO က စတင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် ကရင်ပြည်နယ်တစ်ဝှမ်း စစ်ကောင်စီနှင့် နှစ်ပေါင်းများစွာ ဗိုလ်ကျစိုးမိုးခဲ့သော ကရင် နယ်ခြားစောင့်တပ်ဖွဲ့(BGF)ကလည်း စစ်ကောင်စီ၏ လစာနှင့် ရိက္ခာမယူတော့ဘဲ ခွဲထွက်တော့မည်ဖြစ်ကြောင်း BGF အဖွဲ့ ဗိုလ်မှူးကြီး စောချစ်သူက ထုတ်ပြောလာခဲ့သည်။

 

ထို့ကြောင့် ဇန်နဝါရီလ ၂၃ ရက်နေ့က ဒုတိယ စစ်ခေါင်းဆောင်ကိုယ်တိုင် ဗိုလ်မှူးကြီး စောချစ်သူကို ကရင်ပြည်နယ်အထိ လာရောက်တွေ့ဆုံခဲ့သော်လည်း ၎င်းတို့သဘောထားကို ပြောင်းလဲမည်မဟုတ်ကြောင်း ဗိုလ်မှူးကြီး စောချစ်သူက ပြောထားသည်။