ငါန်းဇွန်က လက်နက်ကိုင်ခွင့်ရ စစ်ကောင်စီအုပ်ချုပ်ရေးမှူး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ်ပစ်ခတ်ခံရ၍ သေဆုံး

Author မင်းထက်
Categories
Published on Dec 01, 2023

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် လက်နက်ကိုင်ဆိုင်ခွင့်ပြုထားသော စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

နိုဝင်ဘာ ၃၀ ရက်၊ နံနက် ၇ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ မိုးတောင်(၆)ရွာဥက္ကဋ္ဌ ဦးသက်ခိုင်သည် လက်ဖက်ရည်သောက်နေစဉ် ဆိုင်အတွင်းသို့ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

“စကစခန့်အုပ်ကြီးဖြစ်ပြီးတော့ လက်နက်ကိုင်ဆောင်ထားပြီး PDF သတင်းတွေကို လိုက်စုံစမ်းနေလို့ ရှင်းလင်းခဲ့ရတာပါခင်ဗျ။ ရှင်းလင်းခံရပြီးနောက် ရဲ ၅ ယောက်ရောက်လာပြီး ဘာမှတော့ လုပ်မသွားပါဘူး။ အလောင်းလာကောက်သွားကြတယ်” ဟု အထက်ပါတာဝန်ရှိသူတစ်ဦးက ပြောသည်။

 

သေဆုံးသွားသော စစ်ကောင်စီ အုပ်ကြီး ဦးသက်ခိုင်ထံမှ ပွိုင့် ၂၂ လက်လုပ်သေနတ် ၁ လက်၊ လက်ပစ်ဗုံး(သံပုရာသီး) ၂ လုံး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ကျပ်(၁)သိန်းကျော်တို့ကို သိမ်းဆည်းရမိခဲ့ပြီး ၎င်း၏ ဖုန်းအတွင်းမှ အရေးကြီးအချက်အလက်များကို တွေ့ရှိခဲ့ရသည်ဟု ၎င်းက ဆိုသည်။

 

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့နှင့်အတူ မြင်းခြံခရိုင်အမှတ် ၆ တပ်ရင်း(တပ်ခွဲ (၁)၊ နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF တပ်ခွဲ(၂)၊ (၃) MP-9 တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ –   8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့