ငပုတောမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေဒေသများတွင် လှိုင်းလေများကြီးခြင်းကြောင့် ငါးဖမ်းလှေများ ပျက်စီး မျောပါ

Author စကားဝါ
Categories
Published on Dec 11, 2022

ဧရာဝတီတိုင်း ငပုတောမြို့နယ် ငရုတ်ကောင်းမြို့အတွင်းရှိ ပင်လယ်ကမ်းခြေဒေသများတွင် ယမန်နေ့ ဒီဇင်ဘာလ ၁၀ရက်နေ့က လေပြင်းများ တိုက်ခတ်ကာ ပင်လယ်လှိုင်းလုံးများ ကြီးမားစွာ ဖြစ်ပေါ်ခဲ့သခြင့် ငါးဖမ်းလှေအချို့ လှေဝမ်းကွဲသည်အထိ ဖြစ်ပေါ်ခဲ့ပြီး လှေအချို့ ပင်လယ်အတွင်း မျောပါ ပျက်စီးသွားခဲ့ရကြောင်း ဒေသခံများ ထံမှ သိရသည်။

ယမန်နေ့ နေ့လယ်ပိုင်းမှ စတင်ကာ လေပြင်းများ တိုက်ခတ်လာပြီး လှိုင်းလုံးများ မြင့်တက်လာခြင်းကြောင့် နံ့သာပုကျေးရွာ၊ ကြွေချိုင်ကျေးရွာ၊ စပါးကြီးကျေးရွာ၊ သစ်ရောင်းကျေးရွာ၊ ပန်းမော်ကျေးရွာ၊ နတ်မော်ကျေးရွာ စသည့် ပင်လယ်ကမ်းစပ်ကျေးရွာများတွင် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများမှာ အလျှင်အမြန် လုပ်ငန်းသိမ်းခဲ့ရကြောင်း၊ ယင်းသို့ လုပ်ငန်းသိမ်းခဲ့သော်လည်း ငါးဖမ်းလှေများအား ချောင်းငယ်များအတွင် သိမ်းဆည်းရန် အချိန်မမှီခဲ့သောကြောင့် အချို့သော ငါးဖမ်းလှေများမှာ လှိုင်းရိုက်ခြင်းကြောင့် အက်ကွဲ ပျက်စီးနစ်မြုပ်ခြင်း၊ အချို့သော ငါးဖမ်းလှေများမှာ ကျောက်ဆူးကြိုးများ ပြတ်ထွက်ကာ ပင်လယ်အတွင်း မျောပါ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

“အတော်ဆိုးတယ် ဒီနှစ်ရာသီဥတုက မိုးကုန်ထဲက အခုထိကို ရက်ခြားမိုးရွာတယ် လှိုင်းကြီးတယ် မနေ့က အတော်ဆိုးတယ် သိရသလောက်ဆို လှေ ၆စင်းလောက် ပျက်စီးသွားတယ်၊ ၅စင်းလောက် ကြိုးပြတ်ပြီး မျောသွားလို့ လိုက်ဆယ်နေကြတုန်းပဲ ရှိတယ်”ဟု ဒေသခံ ရေလုပ်သား တစ်ဦးက ပြောသည်။

ထို့အပြင် ငရုတ်ကောင်းမြို့အတွင်းရှိ ပင်လယ်ကမ်းခြေဒေသများတွင် ပင်လယ်ရေစီးကြောင်း ပြောင်းလဲမှုများကိုပါ ကြုံတွေ့နေရပြီး ယမန်နှစ်များတွင် ငါးဖမ်းဆီးနေကျ ရေလုပ်ကွက်နေရာများတွင် ငါးဖမ်းပိုက်များ ကျောက်တုံးများထိခြင်း သစ်တုံးများထိခြင်းများကြောင့် ပျက်စီးဆုံးရှုံးမှုများကို ဆက်တိုက်ကြုံတွေ့နေရကြောင်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဧရာဝတီတိုင်း #ငပုတောမြို့ #ရေလုပ်ငန်း