ဂျပန်တွင် ပြင်းအားမြင့် ငလျင်လှုပ်ခတ်ခဲ့ပြီး နေအိမ်အချို့ပျက်စီးကာ အပျက်စီးများကြား ပိတ်မိနေသူများ ရှိနေ ၊ ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာမည်ကိုပါ စိုးရိမ်နေရ

Author လင်းနွေဦး
Categories
Published on Jan 01, 2024

ဂျပန်နိုင်ငံ အနောက်ဘက် ကမ်းရိုးတန်း ဒေသများ၌ ယနေ့ ဇန်နဝါရီ ၁ ရက်နေ့  ညနေပိုင်းအချိန်တွင် ရစ်ချက်စတာ  ၇ ဒဿမ ၅ စကေးရှိ ပြင်းအားမြင့် ငလျင်လှုပ်ခတ်ခဲ့ပြီး နေအိမ် သုံးသောင်းကျော် လျှပ်စစ်မီး ပြတ်တောက်နေကြောင်း  CNN မီဒီယာမှ ဖော်ပြသည်။

 

ပြင်းအားမြင့် ငလျင်သည် ကမ်းရိုးတန်းဒေသနှင့် နိုင်ငံ၏ အချက်အခြာကျသည့်  အီရှီကာဝါ ပြည်နယ်စု၌ ဗဟိုပြုကာ ဂျပန်ဒေသ စံတော်ချိန် ညနေ ၄ နာရီ ၁၀ မိနစ် ခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်အာဏာပိုင်များမှ ဆူနာမီ ဖြစ်ပေါ်လာမည်ကို စိုးရိမ်၍ ဒေသခံပြည်သူများအား ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွေ့ကြရန် သတိပေးထုတ်ပြန်မှုများအား ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

 

ပြင်းအားမြင့် ငလျင် လှုပ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့သည့်အပြင် အီရှီကာဝါ ပြည်နယ်စုရှိ နေအိမ် (၃၂,၅၀၀)ကျော်မှာ လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း ဂျပန်အာဏာပိုင်များမှ ပြောကြားသည်ဟု ဒေသမီဒီယာများတွင် ဖော်ပြသည်။

 

ငလျင်ဒဏ်ကြောင့် အနီးရှိ တိုကျို နှင့် ငလျင်ဗဟိုပြုလှုပ်ခတ်ရာ အီရှီကာဝါမြို့များတွင် ကျည်ဆံ ရထားပြေးဆွဲမှုများအား ရပ်ထားရပြီး သေဆုံးဒဏ်ရာရရှိမှု များ ရှိမရှိ  ကို စုံစမ်းဆဲ ဖြစ်သည်ဟု ဒေသအာဏာပိုင်များမှ ပြောကြားသည်။

 

ဂျပန်အစိုးရအဖွဲ့၏  အတွင်းရေးမှူးချုပ် ဖြစ်သူ Yoshimasa Hayashi (ရိုရှီမာဆာ ဟာရာရှီ) မှ “သက်ဆိုင်ရာ အာဏာပိုင် တွေက ပျက်စီးဆုံးရှုံးမှု ဒေတာတွေ စုဆောင်းနေပြီး ဘယ်လောက်ပမာဏ ပျက်စီးခဲ့တယ်ဆိုတာကိုတော့ ပြောပြနိုင်ဦးမှာမဟုတ်သေးဘဲ ပြိုကျတဲ့နေအိမ်တွေအတွင်း ပိတ်မိသူတွေ ရှိနေနိုင်တယ်လို့ သတင်းပို့တာတွေလည်း ရှိပါတယ်”ဟု သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားသည်။

 

ဂျပန်နိုင်ငံ၏ Ishikawa(အီရှီကာဝါ) မြို့ နိုတိုဒေသတွင် လှိုင်းအမြင့်ပေ ၅ မီတာ ပေ အားဖြင့် ၁၆ ပေ အမြင့်ရှိ လှိုင်းများ ရိုက်ခတ်လာနိုင်သည် ဟု သတိပေးထားပြီး အနီးရှိ နီဂါတာ နှင့် တိုရာမပြည်နယ်စီရင်စုများတွင်လည်း  အမြင့်ပေ ၃ မီတာခန့် လှိုင်းများရိုက်ခတ်နိုင်သည်ဟု ဂျပန် အာဏာပိုင်များ မှ ထပ်မံသတိပေးသည်။

 

ယခုကဲ့သို့ ပြင်းအား ၇ ဒဿမ ၅ စကေးရှိ ငလျင် မလှုပ်ခတ်မီ ဂျပန်နိုင်ငံ၏ အချက်အခြာ ကျသော နေရာများ၌ ငလျင်အသေးစား အကြိမ် ၂၀ ထက်မနည်း လှုပ်ခတ်ခဲ့ပြီး ထပ်မံ၍ လှုပ်ခတ်မှုများ ရှိလာမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အထူးသတိပြုကာ နေထိုင်သင့်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီ မှ ထုတ်ပြန်ထားကြောင်း CNN မီဒီယာတွင် ဖော်ပြသည်။

 

ဓာတ်ပုံ- BBC