ဂျန်ပါတပ်ဆင်ထားသည့် စစ်ကား မိုင်းဆွဲခံရပြီး ၁၇ဦးသေ

Published on Apr 01, 2024

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မတ် ၂၈ရက်နေ့ မွန်းလွဲ ၁နာရီခန့်က ဂျန်ပါတပ်ဆင် မောင်းနှင်လာသော စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် မော်တော်ယာဉ်ကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများရှိကြောင်း People’s Defence Force- South Monywa-4 ယနေ့ ဧပြီ ၁ရက်နေ့တွင် ထုတ်ပြန်လာသည်။

 

ချောင်းဦးမြို့နယ် နတ်ရေကန်စစ်ဆေးရေးဂိတ်မှ ထွက်လာသော စစ်ကောင်စီဂျန်ပါကားသည် ရေပိုးစားကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သားအချို့ကို ခေါ်ဆောင်၍ ပြန်လည်ထွက်ခွာလာရာ ချောင်းဦး – မြင်းမူလမ်းပိုင်းရှိ ရေပိုးစားနှင့် နတ်ရေကန်အကြားတွင် ပဒေသာမိုင်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု People’s Defence Force- South Monywa-4မှ တာဝန်ရှိသူက CJ Platform သို့ပြောသည်။

 

“ အသွားတုန်းက ဒီတိုင်းပေးသွားလိုက်တာ အပြန်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တာ ၁၇ ဦးသေတယ်။ သုံးဦးက အသဲအသန်ဖြစ်သွားတယ်လို့ မြေပြင်သတင်းပေးချက်အရသိရပါတယ်။ အသေးစိတ်ကိုတော့ ပြောလို့အဆင်မပြေလို့ပါဗျ” ဟု People’s Defence Force- South Monywa-4မှ တာဝန်ရှိသူ ပြောသည်။

 

အဆိုပါတိုက်ခိုက်မှုကို နွေဦးလူငယ်People’s Defence Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသော စစ်ကောင်စီတပ်သား အလောင်းများကို မွန်းလွဲ ၂နာရီကျော်တွင် နတ်ရေကန်ဂိတ်ဝန်းအတွင်း မြေမြုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် မတ်လ ၂၅ ရက်က မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာနှင့် အလက္ကပ္ပကျေးရွာကြားတွင် တပ်စွဲရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်ကို People’s Defence Force- South Monywa တော်လှန်ရေးပူးပေါင်းတပ်များမှ ဒရုန်းဗုံးသီးများ၊ ၆၀ မမ၊ ၄၀ မမတို့နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ဓာတ်ပုံ- People’s Defence Force- South Monywa 4