ဂူတာပြင်တွင် ရိုဟင်ဂျာတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်ခဲ့

Author ခေတိနီ
Categories
Published on Oct 08, 2022

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာတွင် ရိုဟင်ဂျာအမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက သတ်ဖြတ်သွားတယ်လို့ ရိုဟင်ဂျာအရေး ကာကွယ်စောင့်ရှောက်သူများထံမှ သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ဂူတာပြင်ကျေးရွာနေ ဦးရှဲကုလ်အီစ္စလမ်ကို ယနေ့မနက် အစောပိုင်း ၉နာရီခွဲဝန်းကျင်ခန့်မှာ၎င်းစစ်ဘေးရှောင်နေသည့်စိမ်းညှင်းပြင်ကျေးရွာမှ ဂူတာပြင်ရှိ ၎င်းနေအိမ်တွင် ကျန်ရစ်ခဲ့သည့် ကြက်ဘဲများအား အစာကျွေးရန် သွားရောက်စဥ် လမ်းတစ်နေရာတွင် လက်နက်ကိုင်အဖွဲ့တစ်ခု၏ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရတာပဲဖြစ်သည်။

ဦးရှဲကုလ်အီစ္စလမ် ဟာ စစ်တွေတက္ကသိုလ်မှ ရူပဗေဒမဟာဘွဲ့ရရှိထားသူ ရိုဟင်ဂျာ ပညာတတ်လူငယ်တစ်ဦး ဖြစ်ပြီး အခုလိုသတ်ဖြတ်ခံရမှုအပေါ် တရားမျှတမှုရရှိသည်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဦးအောင်ကျော်မိုးက သူ၏လူမှုကွန်ရက်မှာဖော်ပြထားသည်။

” မနက်၉နာရီ၂၅မိနစ်မှာ ပစ်သတ်ခံရတယ်လို့ပြောတယ်၊ ကျနော်ရေးထားသလိုပါပဲ ရွာကလူတွေနဲ့ Verify လုပ်ထားတယ် ကျနော်တို့သိလောက်က အေအေလို့သိရတယ်၊မြေပြင်က သတင်းအရ အေအေဟာက အတည်မပြုနိုင်သေးဘူး” ဟု NUG လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဦးအောင်ကျော်မိုးက CJ Platform ကိုပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဥ်သည် ရက္ခိုင့်တပ်တော်ကလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲချက်များ ရှိနေသော်လည်း CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ပစ်ခတ်ခံရသည့် ဦးရှဲကုလ်အီစ္စလမ်ရဲ့စျာပနကို ၎င်းစစ်ဘေးတိမ်းရှောင်ရာ စိမ်းညှင်းပြင်ကျေးရွာတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။