“ဂီရေ…နင့်လိုစိတ်ထားကောင်းတဲ့လူက ကောင်းရာဘုံကနေ ငါ့ကို ပြုံးပြနေမှာအသေချာပါပဲ၊ အာဏာရူးတွေကိုလည်းမုန်းတယ်။ နင်တို့တွေကြောင့် ဒီလိုဖြစ်ရတာ..။ငါ့သူငယ်ချင်းတွေ ဒုက္ခရောက်နေတာမြင်လေ..ပိုနာကျည်းလေပဲ။ ပညာတတ်တွေ သူများနိုင်ငံ ခိုးဝင်ကြရ..၊အောက်ခြေသိမ်း အလုပ် လုပ်ကြရ..၊အနာဂတ်ပျောက်ရ ၊ ဘဝပျက်ကြရနဲ့…”

Author လင်းခိုင်
Categories
Published on Oct 08, 2022

ဘန်ကောက်မြို့သို့ အလုပ်လုပ်ရန် အောက်လမ်းမှ ၀င်ရောက်သည့် CDM သူနာပြုဆရာမ နန်းသိင်္ဂီသည် ထိုင်းရဲက ဖမ်းဆီးသဖြင့် ချောင်းအတွင်း ခုန်ချကာ အဆုံးစီရင်ခဲ့ကြောင်းသိရသည်။

သူနာပြုဆရာမ နန်းသိင်္ဂီသည် အထက်ပါဖြစ်စဉ်ကြုံတွေ့ခဲ့မှုကြောင့် အောက်တိုဘာ ၇ရက်တွင် အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း သူမ၏ မိတ်ဆွေသူငယ်ချင်းများက လူမှုကွန်ယက်စာမျက်နာတွင် ရေးသားထားကြသည်။

နန်းသိင်္ဂီသည် ထိုင်းရဲကဖမ်းဆီးစဉ် အမျိုးသားနှင့်အတူထွက်ပြေးစဉ် ချောင်းအတွင်းခုန်ချခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၂၅နှစ်အရွယ်ရှိပြီဖြစ်ကာ သူမ၏ ဇာတိကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ရင်သွေးငယ်တစ်ဦးကျန်ရစ်ခဲ့ကြောင်းလည်းသိရသည်။

“ကလေးငယ်လေးကိုရော နင် စိတ်ချလက်ချနဲ့ တစ်သက်လုံး ထားခဲ့လိုက်ပီလား ၊အခုသာ နင်ရှိရင် ဘာလို့ဒီလိုလုပ်တာလဲ..မစဥ်းစားဘူးလား.. အသက်ထက်အရေးကြီးတာရှိလား၊ဆိုပြီး ဆူမိမှာ အသေချာပဲ…။ဒါပေမယ့် ဂီရေ…နင့်လိုစိတ်ထားကောင်းတဲ့လူက ကောင်းရာဘုံကနေ ငါ့ကို ပြုံးပြနေမှာအသေချာပါပဲ၊ အာဏာရူးတွေကိုလည်းမုန်းတယ်။ နင်တို့တွေကြောင့် ဒီလိုဖြစ်ရတာ..။ငါ့သူငယ်ချင်းတွေ ဒုက္ခရောက်နေတာမြင်လေ..ပိုနာကျည်းလေပဲ။ ပညာတတ်တွေ သူများနိုင်ငံ ခိုးဝင်ကြရ..၊အောက်ခြေသိမ်း အလုပ် လုပ်ကြရ..၊အနာဂတ်ပျောက်ရ ၊ ဘဝပျက်ကြရနဲ့…။ဝဋ်ကြွေးတွေမကုန်သ၍ ဒီနိုင်ငံမှာနေပြီး ပေးဆပ်နေကြရအုံးမှာပဲ” ဟု သူနာပြုဆရာမ နန်းသိင်္ဂီ၏ သူငယ်ချင်းတစ်ဦးက လူမှုကွန်ယက်စာမျက်နာတွင်ရေးသားထားသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် သူနာပြုဆရာမ နန်းသိင်္ဂီသည် အခက်အခဲများကြားမှ CDM ပြုလုပ်ခဲ့သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းအတွက် ထိုင်းနိုင်ငံသို့ ၀င်ရောက်ရာတွင် ယခုကဲ့သို့ အဖြစ်မျိုးနှင့်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။