ဂါဘရီရယ် ဂျီးဆပ်စ်ရဲ့ ဒဏ်ရာကြောင့် အခက်တွေ့ရတော့မယ့် အာဆင်နယ်

Author မောင်ရှမ်း
Categories
Published on Dec 04, 2022

ဘရာဇီးလ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေတဲ့ အာဆင်နယ်တိုက်စစ်မှူး ဂျီးဆပ်စ်ကတော့ ကင်မရွန်းကို ရှုံးနိမ့်ခဲ့တဲ့အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ဒူးဒဏ်ရာရရှိသွားခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။ ဘရာဇီးလ်ရဲ့ လူစာရင်းမှာ တိုက်စစ်ကစားသမားအများအပြားရှိနေသလို ဂျီးဆပ်စ်ကလည်း အရန်ကစားသမားဖြစ်တာကြောင့် ဆမ်ဘာတို့ရဲ့ ချန်ပီယံအိပ်မက်ကို မထိခိုက်နိုင်ပေမယ့် အာဆင်နယ်အတွက်တော့ အတော်လေးထိခိုက်သွားနိုင်တဲ့အခြေအနေမှာရှိနေခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်ခင်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ အာဆင်နယ်အတွက် ဂျီးဆပ်စ်ဟာ အရေးအပါဆုံးကစားသမားတစ်ယောက်အဖြစ် တိုက်စစ်ကို ဦးဆောင်နေခဲ့ပြီး ၅ ဂိုးသွင်းကာ ဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားနိုင်ခဲ့သူဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျီးဆပ်စ်ရဲ့ ဒဏ်ရာအခြေအနေဟာ အစောပိုင်းမှာတော့ သုံးပတ်ကနေ လေးပတ်ကြာ အနားယူရနိုင်တယ်လို့ ဆိုခဲ့ပေမယ့် အခုတော့ သုံးလဝန်းကျင်အထိ ကြာနိုင်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ဒါကြောင့် ဂျီးဆပ်စ်ကိုသာ သုံးလလောက်အထိ ဆုံးရှုံးရမယ်ဆိုရင် အာဆင်နယ်အနေနဲ့ လာမယ့်ဇန်နဝါရီဈေးကွက်အတွက်မှာ တိုက်စစ်မှူးတစ်ယောက် မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအသင်းရဲ့တိုက်စစ်မှူး အထောင်တိုက်စစ်မှူးအဖြစ် အန်ကီတီးယားတစ်ယောက်တည်းသာရှိတော့တာကြောင့် အာဆင်နယ်ပရိသတ်တွေကတော့ ဂျီးဆပ်စ်ရဲ့ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်နေကြပါတယ်။

ဓာတ်ပုံ- B/R