ဂါဇာ မြောက်ပိုင်းရှိ ဆေးရုံတစ်ခု ထပ်မံ တိုက်ခိုက်ခံရပြီး မွေးကင်းစ ကလေးငယ်များအား အရေးပေါ်ရွေ့ပြောင်းခဲ့ရ
လက်ရှိ အစ္စရေး-ဟားမစ် အရေးအတွင်း ဂါဇာမြောက်ပိုင်းရှိ al-Shifa(အလ်ရှီဖာ)ဆေးရုံ ထပ်မံတိုက်ခိုက်ခံရပြီးနောက် ဆေးရုံတွင်းရှိ မွေးကင်စ ကလေးငယ် (၂၈)ဦးခန့်အား အရေးပေါ် ရွေ့ပြောင်းခဲ့ရကြောင်း ALJAZEERA Media မှ ဖော်ပြသည်။
အဆိုပါ ဆေးရုံတိုက်ခိုက်ခံရမှုအား ပါလက်စတိုင်း အာဏာပိုင်များမှ အစ္စရေးတပ်များ၏ တိုက်ခိုက်မှုဟု ဖော်ပြခဲ့ကြပြီး ယခုအခါ ဂါဇာဒေသ မြောက်ပိုင်းအား အစ္စရေးတပ်များမှ ဟားမစ်အကြမ်းဖက်များအား ရှင်းလင်းရန် နယ်မြေ စီးနင်းမှုများ လုပ်ဆောင်နေကြပြီဖြစ်သည်။
အစ္စရေးစစ်တပ်ဘက်မှ “ယခုကဲ့သို့ ဆေးရုံတွေအားစီးနင်းရခြင်းမှာ ဟားမစ်တွေရဲ့မြေအောက် လှိုင်ခေါင်း တွေနဲ့ သူတို့ရဲ့ရှုပ်ထွေးတဲ့ တည်ဆောက်မှုတွေ ကြားထဲက ဌာနချုပ် နေရာအား ရှာဖွေဖို့ ဖြစ်တယ်”ဟု ပြန်လည် ချေပခဲ့သည်။
အစ္စရေးတပ်များမှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ကာ အဆိုပါ ဆေးရုံအား စီးနင်းမှုပြုလုပ်ပြီးနောက် ဆေးရုံအတွင်းရှိ မွေးကင်းစ ကလေးငယ် (၂၈)ဦးခန့်အား အရေးပေါ်ကုသမှုများ လုပ်ဆောင်ရန် ဂါဇာ တောင်ပိုင်းရှိ al-Helal Emirati Maternity ဆေးရုံသို့ ပြီးခဲ့သည့် နိုဝင်ဘာ (၁၉)ရက်နေ့၌ ရွေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ထိုဆေးရုံမှတဆင့် နယ်စပ်ရှိ ရာဖာဂိတ်အား ကျော်ဖြတ်၍ အီဂျစ်နိုင်ငံအတွင်း ရှိ ဆေးရုံများ၌ ကုသရန် နိုဝင်ဘာ (၂၀)ရက်နေ့တွင် အဆိုပါ ကလေးငယ်များထဲမှ(၂၅) ဦးခန့်အား ထပ်မံရွေ့ပြောင်းပို့ဆောင်ခဲ့ကြောင်း နိုင်ငံတကာမီဒီယာများမှ ဖော်ပြသည်။
ကျန်ရှိခဲ့သော ကလေးငယ်များနှင့်ပတ်သတ်၍ “ကလေးငယ်သုံံးဦး ဂါဇာတောင်ပိုင်းက Emirati ဆေးရုံမှာပဲ ကျန်နေသေးပြီး မရွေ့ပြောင်းခင် လိုအပ်တဲ့ကုသမှုတွေ ဆက်လုပ်ပေးနေပါတယ် ကလေးငယ်အကုန်လုံးက ပြင်းထန်တဲ့ ရောဂါပိုးဝင်တာမျိုး ရှိနေတာကြောင့် ကုသမှုတွေ ထပ်လုပ်ဖို့လိုပါမယ်” ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (W.H.O)၏ ပြောရေးဆိုခွင့်ရှိသူမှ ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါ စီးနင်းမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ရာပေါင်းများစွာသော လူနာများ ၊ ဆေးရုံဝန်ထမ်းများ နှင့် အိမ်ယာမဲ့ ခိုလှုံသူများ မှ ဆေးရုံအား စွန့်ခွာ၍ ဂါဇာကမ်းမြောင် တောင်ပိုင်းသို့ ပြောင်းရွေ့ခဲ့ကြကြောင်း သိရသည်။
အစ္စရေးလေကြောင်း မှ ဗုံးကြဲတိုက်ခိုက်မှုများ နှင့် ပိတ်ဆို့မှုများ ပြုလုပ်မှုကြောင့် ဂါဇာရှိ ဆေးရုံတချို့နှင့် ကယ်ဆယ်ရေးစခန်းများမှာ လောင်စာဆီ ပြတ်လတ်ခြင်းများနှင့် ကြုံတွေ့ နေရပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လုပ်ဆောင်ရန် အခက်အခဲများ တွေ့နေကြရသည်။
ထို့ပြင် ပြီးခဲ့သည့် နိုဝင်လာ (၂၀)ရက်နေ့ ၌ လည်း ဂါဇာမြောက်ပိုင်းရှိ အင်ဒိုနီးရှား အစိုးရမှ မတည် ဆောက်လုပ်ခဲ့သော ဆေးရုံတစ်ခုမှာလည်း တိုက်ခိုက်ခံခဲ့ရပြီး (၁၂)ဦးထက်မနည်း သေဆုံးကာ လူပေါင်းများ စွာ ပိတ်မိနေကြကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနမှ ဆိုသည်။
ထိုဆေးရုံထပ်မံ တိုက်ခိုက်မှုနှင့် ပတ်သတ်၍လည်း W.H.O ဥက္ကဌ ဖြစ်သူ Tedros Adhanom Ghebreyesus(တီးဒရိုစ့် အက်ဟနွမ် ဂျီဘရီယဲဆပ်)မှ “တုန်လှုပ်စရာကောင်းသော တိုက်ခိုက်မှု” ဖြစ်ကြောင်း ၎င်း၏ လူမှု ကွန်ယက်တွင် ရေးသားခဲ့သလို အင်ဒိုနီးရှားအစိုးရမှလည်း “နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု စံနှုန်းဥပဒေ များအားပြတ်သားစွာ ချိုးဖောက်မှု” ဟု သုံးနှုန်းခဲ့သည်။
ယခုအခါ အောက်တိုဘာ (၇) ရက်နေ့မှ စတင်သော အစ္စရေး-ဟားမစ် စစ်ပွဲအတွင်း အစ္စရေးဘက်မှ ပြည်သူ (၁၄၀၀) ကျော် သေဆုံးခဲ့ပြီး (၂၄၀)ခန့်မှာ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံထားရကာ ပါလက်စတိုင်းဘက်မှ လည်း ပြည်သူ (၁,၃၀၀၀)ကျော် သေဆုံးခဲ့သည့် အနက် ငါးထောင် ကျော်မှာ ကလေးသူငယ်များ ဖြစ်ပြီး နှစ်ဘက်ပြည်သူ များ၏ နေအိမ်များ မှာ မရေမတွက် နိုင်အောင်ပင် ထိခိုက်ပျက်စီးခဲ့ရသည်။