ဂါဇာသို့ ပို့ဆောင်မည့် ကူညီထောက်ပံ့ရေး အစီအစဉ်များကို အစ္စရေး ပယ်ချခဲ့ဟု UN ဆို

Author လင်းနွေဦး
Categories
Published on Mar 30, 2024

အရှေ့အလယ်ပိုင်းဒေသရှိ အစ္စရေး နှင့် ဟားမက်စ် စစ်အုပ်စုကြား စစ်မက်ဖြစ်ပွားမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ပျက်စီး ဆုံးရှုံးမှုများပြားလျက်ရှိသည့် ပါလက်စတိုင်းဒေသ ဂါဇာမြို့ အတွင်းသို့ ထောက်ပံ့မည့် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများ ပေးအပ်မည့် အစီအစဉ်များကို အစ္စရေး အာဏာပိုင်များက ပယ်ချခဲ့မှုများ ရှိသည်ဟု United Nations (UN)မှ မတ်လ ၂၉ ရက် သောကြာနေ့ တွင်ပြောကြားကြောင်း နိုင်ငံတကာ သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

 

မတ်လအတွင်း ဂါဇာဒေသသို့ ပို့ဆောင်မည့် ကူညီထောက်ပံ့ရေး အစီအစဉ်များအနက် ဂါဇာမြောက်ပိုင်းသို့ ပို့ဆောင်မည့် ထောက်ပံ့မှု ၃၀ ရာခိုင်နှုန်းနှင့် တောင်ပိုင်းသို့ ပို့ဆောင်မည့် အစီအစဉ် ၁၀ ရာခိုင်နှုန်းကို အစ္စရေးအာဏာပိုင်များမှ ပယ်ချခဲ့ကြောင်း UN ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးဌာန(OCHA) မှ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

“အစ္စရေးကာကွယ်ရေးတပ် (IDF) က စစ်သားတွေက စစ်ဆေးရေးဂိတ်တွေမှာ ပစ္စည်းတွေစစ်တာ ၊ရှာဖွေတာတွေနဲ့ စောင့်ဆိုင်းနေတဲ့ ပါလက်စတိုင်းလူအုပ်တွေကြား အထိကရုဏ်းတွေ ဖြစ်တာတွေ ရှိတယ်ဆိုပြီး ကူညီရေးယာဉ်တန်းတွေကို ပေးဖြတ်ဖို့ အကြာကြီးစောင့်ရတာ၊ ဖြတ်သန်းခွင့် မပေးတာတွေရှိခဲ့တယ်” ဟု UN(OCHA) က ပြောကြားခဲ့ကြောင်း CNN သတင်းဌာနမှ ဖော်ပြသည်။

 

ဂါဇာဒေသသို့ ထောက်ပံ့မည့် အစီအစဉ်များ အတွင်း အစားအသောက်များ ဖြန့်ဝေခြင်း၊ လောင်စာဆီများ၊ ဆေးဝါးကုသမှုများအတွက် ကူညီဆောင်ရွက်ပေးရေးလှုပ်ရှားမှုများ၊ ဆေးရုံများအတွက် ထောက်ပံ့ရေးပစ္စည်းများ၊ သောက်သုံရေများ၊ အိမ်သာ မိလ္လာသုံး စနစ်အတွက် အထောက်အကူပြု ပစ္စည်းများ၊ တစ်ကိုယ်ရေ သန့်ရှင်းမှု အတွက် ဆောင်ရွက်ပေးမှုများ ပါဝင်ခဲ့ကြောင်း UN မှ ဆိုသည်။

 

မတ်လ ၁ ရက် နေ့မှစတင်ကာ ဂါဇာသို့ ပို့ဆောင်မည့် ထောက်ပံ့ ရေး အစီအစဉ် ၆၀ ခု အနက် ၂၉ သာလျှင် အစ္စရေးအာဏာပိုင်များကြောင့် အဆင်ပြေချောမွေ့စွာ ပြီးဆုံးခဲ့ပြီး ၁၈ ခု သည်ပယ်ချခံခဲ့ရကာ ၁၃ ခုသည် ရွေ့ဆိုင်းခြင်းခံခဲ့ရသည်ဟု UN(OCHA) မှ ထုတ်ပြန်ထားသည်။

 

အစ္စရေးဘက်မှ “ဂါဇာဒေသတွင်းသို့ ပို့ဆောင်မည့် ကူညီထောက်ပံ့ရေး ပစ္စည်းများအတွက် မည်မျှယူဆောင်လာရမည်ကို ကန့်သတ်ထားခြင်းမရှိသော်လည်း ဂိတ်များတွင် စစ်ဆေးခြင်း နှင့် ဝင်ရောက်ခွင့်များမှာမူ ကန့်သတ်မှု ရှိသည်” ဟု CNN မီဒီယာက ဖော်ပြသည်။

 

UN ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အင်အားကြီးနိုင်ငံများမှ ဂါဇာ ဒေသတွင်း သို့ ယာဉ်တန်းများဖြင့်သာမက လေကြောင်းဖြင့်လည်း ထောက်ပံ့ရေး ပစ္စည်းများ ချပေးကာ ကူညီမှုများရှိနေသော်လည်း စစ်ဒဏ် ခံစားနေရသည့် ဂါဇာ ပြည်သူလူထုအတွက် လုံလောက်မှုများ ရှိမနေကြောင်း Associated Press မီဒီယာမှ ဖော်ပြသည်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှ စတင်သော အစ္စရေး-ဟားမက်စ် စစ်ပွဲအတွင်း ဟားမက်စ် စစ်အုပ်စု၏ တိုက်ခိုက်မှုကြောင့် အစ္စရေး ပြည်သူ ၁၄၀၀ ခန့် သေဆုံးခန့်ရကာ အစ္စရေးဘက်မှ လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် ယနေ့အချိန်ထိ သေဆုံး ပါလက်စတိုင်း ပြည်သူဦးရေသည် ၃၂,၆၂၃ ဦးအထိ ရှိနေသည့်အပြင် အစ္စရေးမှ ပါလက်စတိုင်း ဒေသ သုံးပုံတစ်ပုံအား နယ်မြေစိုးမိုးကာ သိမ်းပိုက်ထားသည်။

 

ဓာတ်ပုံ-CNN

 

ပုံစာညွှန်း – အစ္စရေး စစ်ဘက်သုံး သံချပ်ကာ ကားများ ကို ဂါဇာဒေသ တစ်နေရာတွင် တွေ့ရစဉ်