ဂါဇာမြောက်ပိုင်းရှိ ပါလက်စတိုင်းပြည်သူ ၁ သန်းကျော် တောင်ပိုင်းသို့ ၂၄ နာရီအတွင်း ပြောင်းရွှေ့ရန် အစ္စရေးပြော

Author လင်းနွေဦး
Categories
Published on Oct 13, 2023

ပါလက်စတိုင်း ဂါဇာကမ်းမြောင်‌ဒေသမြောက်ပိုင်းရှိ ပြည်သူ ၁ ဒသမ ၁ သန်းကို တောင်ပိုင်းဒေသသို့ ၂၄ နာရီအတွင်း ရွှေ့ပြောင်းရန် UN မှတစ်ဆင့် အစ္စရေးကသတိပေးပြောကြားလိုက်ကြောင်း BBC News တွင် ဖော်ပြသည်။

အစ္စရေးက UN သို့ ပြောကြားသည့်အချိန်မှ နောက် ၂၄ နာရီအတွင်း ပြောင်းရွှေ့စေလိုကြောင်း BBC World News က ယနေ့နံနက် ၁၀ နာရီခွဲတွင် ဖော်ပြသည်။

” အစ္စရေးစစ်တပ်က UN ကိုပြောကြားခဲ့တာက မြောက်ပိုင်း ဝဒီဂါဇာမှာနေတဲ့ ပြည်သူတွေကို တောင်ပိုင်းကို ၂၄ နာရီ အတွင်း ပြောင်းစေချင်တာပါ။ တွက်ချက်မှုအရ ဂါဇာကမ်းမြှောင်ရဲ့ လူဦးရေတစ်ဝက်ကျော် ၁ ဒသမ ၁ သန်းဟာ ရွှေ့ပြောင်းရဖို့ရှိပြီး ဂါဇာမြို့လည်းပါပါတယ်” ဟု UN ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အစ္စရေး ပြောကြားချက်နှင့်ပတ်သက်၍ သတင်းထောက်များကို ပြန်လည်ပြောကြားသည်။

ယခုကဲ့သို့ သတိပေးခဲ့သည့်အချိန်မှာ ဂါဇာနှင့် ဂျေရုဆလင် အချိန် ည(၁၁)နာရီတွင်ဖြစ်သည်။

UN မှ ထုတ်ပြန်သောစာတွင်မူ ပြောင်းရွေ့မှုနှင့်ပတ်သက်၍ ယခုကဲ့သို့ ထင်မြင်ချက်ပေးခဲ့သည်။

“United Nations မှ စဉ်းစားသည်မှာ ယခုကဲ့သို့ ရွေ့ပြောင်းမှုတစ်ခုသည် ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက်များမရှိဘဲ ပြုလုပ်ရန်မဖြစ်နိုင်ပါ” ဟု ဖော်ပြခဲ့သည်။

UN အနေဖြင့် အစ္စရေး၏ရွှေ့ပြောင်းအမိန့်ကို ရုပ်သိမ်းရန် အလိုရှိနေပြီး နောက်ဆက်တွဲလူ့အခွင့်အရေး ဆိုးကျိုးများ ရှိမည်ဖြစ်ကြောင်း အစ္စရေးကို သတိပေးသည်။

သို့ရာတွင် အစ္စရေးမှ မြေပြင်အနေအထားတွင် ဂါနယ်နိမိတ်အနီးတွင် စစ်သားများ စုစည်းထားခြင်း၊ ကြီးမားသောအမြှောက်ကြီးများနှင့် တင့်ကားများကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေခဲ့ပြီးဖြစ်ကြောင်း BBC သတင်းက ဖော်ပြသည်။

အစ္စရေးမှ UN သို့ပေးပို့သောစာထဲတွင် ဂါဇာမြို့နေပြည်သူများကို အဓိကထားပြောကြားခဲ့ပြီး ယခုကဲ့သို့ပြောကြားရခြင်းမှာလည်း ပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက်နှင့် ကာကွယ်ရေးအတွက်ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။

ယခုကဲ့သို့ သတိပေးစာထွက်ပေါ်လာပြီးနောက် အစ္စရေးမှ စစ်သွေးကြွ ဟားမက်စ်အဖွဲ့ကို အမြစ်မှလှန်၍ရှင်းပစ်လိုနေကြောင်းထင်ရှားပြီး UN ၏ သတိပေးမှုအပေါ် “ပြည်သူတွေထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုးစားပေးခြင်းသာဖြစ်သည်” ဟု အစ္စရေးကညကာကွယ်ပြောဆိုခဲ့သည်။

သို့သော် UN ကမူ “ရှက်စရာ”(Shameful) ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ အတွင်းရေးမှူး Antony Blinken(အန်တိုနီ ဘလင်ကင်)က ပါလက်စတိုင်း သမ္မတ Mahmoud Abbas (မိုဟာမက် အက်ဘက်စ်)နှင့် ယနေ့ အောက်တိုဘာ ၁၃ ရက် နေ့လယ်နှောင်းပိုင်း၌ တွေ့ဆုံရန်ရှိနေပြီး ကာကွယ်ရေး အတွင်းရေးမှူး Lloyd Austin(အယ်လ်လွိက် အော်စတင်)ကမူ အစ္စရေးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း BBC တွင် ဖော်ပြသည်။

UN လုံခြုံရေးကောင်စီ(United Nations Security Council -UNSC)ကလည်း ယနေ့ နေ့လယ်ပိုင်းတွင် အစ္စရေး-ဂါဇာ အရေးဆွေးနွေးရန် တံခါးပိတ်အစည်းအဝေးတစ်ခု ပြုလုပ်သွားမည်ဟု ထုတ်ပြန်ထားသည်။

အစ္စရေး၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် ယနေ့အထိ ဂါဇာကမ်း‌မြှောင်ဒေသမှ ပါလက်စတိုင်းပြည်သူ ၄၂၃,၀၀၀ ကျော် နေရပ်စွန့်ခွာနေရပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)က ဂါဇာဒေသ၏ ကျန်းမာရေးစနစ်သည် စိုးရိမ်မှုအဆင့်ထက်ကျော်လွန်နေပြီဖြစ်ပြီး ထပ်မံ၍ လူသားခြင်းစာနာမှုနှင့်ဆန့်ကျင်သော ကပ်ဘေးများကိုကာကွယ်ရန် အချိန်အနည်းငယ်သာရတော့သည်ဟု ဆိုသည်။