ဂါဇာတွင် အစ္စရေး-ဟားမစ် စစ်ပွဲ ပြန်လည်စတင်၊ ဂါဇာတောင်ပိုင်းရှိ ပြည်သူများအား နေရပ်မှ ရှောင်တိမ်းရန် အစ္စရေး သတိပေး

Author လင်းနွေဦး
Categories
Published on Dec 02, 2023

နှစ်ဘက်ပစ်ခတ်ရပ်စဲမှု ပြီးဆုံးပြီးနောက် ဒီဇင်ဘာ (၁)ရက်နေ့ သောကြာနေ့ မနက်ပိုင်းတွင် အစ္စရေးမှ ဂါဇာ​မြို့တွင်း၌ စစ်ရေးဖော်ဆောင်မှုများ ပြန်လည်ပြုလုပ်ခဲ့ကာ ဂါဇာတောင်ပိုင်းရှိ ပြည်သူများအား နေရပ်မှ ရှောင်တိမ်းရန် သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း BBC Media မှ ဖော်ပြသည်။

 

နိုဝင်ဘာ (၂၄) ရက်နေ့၌ ကာတာနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် “လေးရက်တာ အပစ်ရပ်ရေး သဘောတူညီမှု”ရရှိပြီးနောက် သဘောတူညီမှု အစိတ်အပိုင်းအဖြစ် ဟားမစ် စစ်အုပ်စုဘက်မှ ဓားစာခံများ ထပ်မံလွှတ်ပေးခဲ့သဖြင့် နိုဝင်ဘာလ (၃၁) ရက်နေ့ အထိ တစ်ပတ်ကြာ အပစ်ရပ်ခဲ့ခြင်းဖြစ်သည်။

 

တစ်ပတ်တာအတွင်း ဟားမစ်အုပ်စုဘက်မှ ဖမ်းဆီးထားသော ဓားစာခံ(၂၄၀)အနက် ကနဦး လေးရက်တာ သဘောတူညီမှုအတွင်း လွှတ်ပေးရမည့် (၅၀)ဦး ထက်ပိုမိုကာ ထပ်ဆောင်း အပစ်ရပ်ရေး (၃)ရက်အတွက် စုစုပေါင်း ဓားစာခံ (၁၀၀)ကျော်ခန့် လွှတ်ပေးခဲ့ပြီး အစ္စရေးဘက်မှလည်း ပါလက်စတိုင်း အကျဉ်းသား ၂၄၀ အား လွှတ်ပေးခဲ့သည်။

 

အပစ်အခတ်ရပ်စဲရေးအား ယမန်နေ့ ဒီဇင်ဘာ (၁) ရက်​နေ့တွင် အစ္စရေးဝန်ကြီးချုပ် ၏ ကတိစကားဖြစ်သော ” အပစ်အခတ်ရပ်စဲရေးက ခေတ္တသာဖြစ်ပြီး ပြန်စပါက အစ္စရေးဟာ သူ့ရဲ့ရည်မှန်းချက်ကို အရယူပါမယ်”ဟု ဆိုသည့်အတိုင်း ဂါဇာမြို့တွင်း စစ်ရေးဖော်ဆောင်မှုများ ပြန်လည် ပြုလုပ်ခဲ့သဖြင့် ပါလက်စတိုင်း ပြည်သူ (၁၀၀)ကျော် ထပ်မံသေဆုံးခဲ့ရကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ BBC သို့ပြောသည်။

 

ဟားမစ် အုပ်စုဘက်မှလည်း ပြန်လည် တိုက်ခိုက်မှုအဖြစ် အစ္စရေးတောင်ပိုင်းသို့ မစ်ဇိုင်းဒုံးများ ပစ်လွှတ်ခဲ့​ပြီးနောက် အစ္စရေးလေကြောင်းမှ ဂါဇာတောင်ပိုင်းရှိ ပြည်သူများအား ​လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ ပြန်လည်စတင်တော့မည် ဖြစ်သဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းရန် သတိပေးစာ ပါဝင်သော လက်ကမ်းစာစောင်များ ကြဲချခဲ့သည်။

 

ထိုသို့ ပြည်သူများ ထိခိုက်သေဆုံးကာ ထွက်ပြေးတိမ်းရှောင်ရမှုနှင့် ပတ်သက်၍ အမေရိကန်မှ “ဂါဇာမြောက်ပိုင်းရှိ ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရသည့် အဖြစ်မျိုး တောင်ပိုင်းတွင်  ထပ်မံ မဖြစ်ပွားသင့်ကြောင်း” အစ္စရေးသို့ သတိပေး ပြောကြားခဲ့သည်။

 

အောက်တိုဘာ (၂၇) ရက်နေ့မှ စတင်သော အစ္စရေး-ဟားမစ် အရေးအတွင်း ဟားမစ်အုပ်စုဘက်မှ စတင် တိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူ (၁၄၀၀)ကျော် သေဆုံးခဲ့ရပြီး အစ္စရေးဘက်မှ ပြန်လည်တိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူ (၁၄,၀၀၀)ကျော် သေဆုံးခဲ့ရသည့်အနက် (၆၀၀၀)ကျော်မှာ ကလေးသူငယ်များ ဖြစ်သည်။