ဂါဇာစစ်ပွဲကြားက ဒုက္ခပင်လယ်ဝေနေသော မိန်းမသားများ

Author အဂ္ဂ
Categories
Published on Mar 03, 2024

UN Women အဖွဲ့ဟု သိကြသည့် ကုလသမဂ္ဂ အမျိုးသမီးများ ကျားမတန်းတူညီမျှရေးနှင့် လုပ်ပိုင်ခွင့်မြှင့်တင်ပေးရေးအဖွဲ့သည် ဂါဇာဒေသတွင်ဖြစ်ပွားနေသည့် စစ်ပွဲသည် အမျိုးသမီးများ အပေါ်ကျူးလွန်နေသည့် စစ်ပွဲတစ်ပွဲလည်းဖြစ်သည်ဟု ထုတ်ဖော်ပြောကြားသည်။

 

ဂါဇာကမ်းမြောင်ဒေသတွင် ယမန်နှစ် (၂၀၂၃ ခုနှစ်) အောက်တိုဘာ ၇ ရက်နေ့မှ စတင်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း အမျိုးသမီးပေါင်း ကိုးထောင်ကျော် သေဆုံးခဲ့ရသည်ဟု မတ်လ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် UN Women ၏ ထုတ်ပြန်ချက်အတွင်းတွင် ဖော်ပြထားသည်။

 

“ဂါဇာကမ်းမြောင်ဒေသက စစ်ပွဲဟာ ငါးလတာကာလတွင်း ဝင်ရောက်လာတာနဲ့အမျှ ဂါဇာဒေသက အမျိုးသမီးတွေဟာ ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေခံစားနေကြရဆဲဖြစ်ပါတယ်။ စစ်ပွဲဟာ ဘယ်သူ့ကိုမှ သက်ညှာပေးမှုမရှိခဲ့တာကြောင့် UN Women အဖွဲ့က ရရှိထားတဲ့ အချက်အလက်တွေအရ အမျိုးသမီးတွေဟာ မကြုံစဖူးနည်းလမ်းတွေနဲ့ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရမှုတွေဖြစ်နေရပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

UN Women အဖွဲ့၏ အစီရင်ခံစာအရ ဂါဇာကမ်းမြောင်ဒေတွင် နေ့စဉ်ပျှမ်းမျှအမျိုးသမီး (၆၃) ဦး အသတ်ခံနေရပြီး ထိုအထဲတွင် ခန့်မှန်းခြေအားဖြင့် မိခင် (၃၇) ဦးပါဝင်နေသည့်အတွက် သူတို့၏ မိသားစုဘဝများ ပျက်စီးဆုံးရှုံးစေကာ သားသမီးများအပေါ် မိခင်များ၏ စောင့်ရှောက်မှုများလည်း လျော့ပါးစေည်ဟု သိရသည်။

 

“အမျိုးသမီး ငါးယောက်မှာ လေးယောက်လောက် (၈၄ ရာခိုင်နှုန်း)က သူတို့မိသားစုတွေဟာ စစ်ပွဲမဖြစ်ခင်က စားခဲ့တဲ့ အစားအသောက်တွေရဲ့ တစ်ဝက် ဒါမှမဟုတ် တစ်ဝက်ထက်နည်းတဲ့ အစားအသောက်တွေကိုပဲ စားနေကြရတယ်လို့ပြောပါတယ်။ အဲဒီအစားအစာတွေကိုလည်း မိခင်တွေ ဒါမှမဟုတ် မိသားစုထဲက အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတွေကပဲ တာဝန်ယူရှာဖွေပေးနေရပြီး သူတို့တွေက တခြားသူတွေထက် ပိုပိုပြီး နည်းတဲ့ ပမာဏတွေကိုသာ လျှော့ပြီး စားသောက်နေရပါတယ်” ဟု ဆက်လက်ဖော်ပြထားသည်။

 

ဂါဇာဒေသက အမျိုးသမီး ၈၇ ရာခိုင်နှုန်းလောက်သည် အမျိုးသားများနှင့်ယှဉ်ပါက အစားအစာရရှိရန် ပိုမိုခက်ခဲလျက်ရှိသည်ဟုလည်း UN Women အဖွဲ့က ထောက်ပြခဲ့သေးသည်။

 

“အခုဆိုရင် အမျိုးသမီးတချို့ဟာ အပျက်အစီးအုတ်ကျိုးအုတ်ပဲ့တွေကြား၊ အမှိုက်ပုံတွေက အမှိုက်သရိုက်တွေကြားထဲက ကောင်းနိုးရာရာလေးတွေရှာဖွေစားသောက်နေရတဲ့ လွန်ကဲတဲ့နည်းလမ်းမျိုးတွေနဲ့  ဝမ်းရေးဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေရပါတယ်” ဟု ၎င်းအဖွဲ့က ဆိုသည်။

 

ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ချက်ချင်းပေးရန်၊  ဂါဇာကမ်းမြောင်ဒေသရှိ မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အဦများကို ဖျက်ဆီးခြင်းမပြုလုပ်ရန်၊ ဗုံးကြဲခြင်း၊ သတ်ဖြတ်ခြင်းများ ရပ်တန့်ရန်လည်း တောင်းဆိုခဲ့သည်။

 

“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းမလုပ်ဆောင်နိုင်ရင် လာမယ့်ရက်နဲ့ ရက်သတ္တပတ်တွေမှာ နောက်ထပ်အများအပြား သေဆုံးပါလိမ့်မယ်” ဟု UN Woman က ဆက်လက်ပြောကြားသည်။

 

အောက်တိုဘာ (၇) ရက်နေ့တွင် ဟားမက်စ်အဖွဲ့က အစ္စရေးတို့ကို ဝင်ရောက်တိုက်ခိုက်ရာမှ အစပြုခဲ့သည့် ဂါဇာကမ်းမြောင်စစ်ပွဲငါးလတာနီးပါးအတွင်းတွင် ပါလက်စတိုင်းတို့ဘက်မှ လူပေါင်း (၃၀,ဝ၀ဝ)ကျော် သေဆုံးခဲ့ကာ ထိုအထဲတွင် ကလေးသူငယ် (၁၂,ဝ၀ဝ) ကျော်နှင့် အမျိုးသမီး (၈,ဝ၀ဝ) ကျော်တို့လည်း ပါဝင်သည်။

 

ဓာတ်ပုံ – AFP

 

 

ကိုးကား- CNN, Aljazeera