ဂန့်ဂေါမြို့မရဲစခန်းရှိ အချုပ်ခန်းများတွင် အမိန့်ချမှတ်ပြီးဖြစ်သည့် နိုင်ငံရေးအချုပ်သားများကို ထောင်သို့မပို့ဘဲ ဆက်လက်ချုပ်နှောင်ထားသည်ဟုဆို

Author မင်းထက်
Categories
Published on Mar 21, 2024

မကွေးတိုင်း၊ ဂန့်ဂေါမြို့မရဲစခန်းရှိ အချုပ်ခန်းများတွင် လူ့အခွင့်အရေးချိုး‌ ဖောက်ခံရမှုများ ဆိုးရွားစွာ ကြုံတွေ့နေကြရပြီး ထောင်ဒဏ်ချမှတ်ပြီးသော နိုင်ငံရေးအကျဥ်းသား ၄၀ ဦး ကျော်ကို ထောင်သို့ မပို့ဘဲ ရဲစခန်းတွင် ဆက်လက်ချုပ်နှောင်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က သတင်းထုတ်ပြန်လာသည်။

 

မြို့မရဲစခန်းအတွင်းရှိ အချုပ်ခန်းသုံးခုတွင် နိုင်ငံရေး ပုဒ်မနှင့် အမျိုးသား အမျိုးသမီး ၉၀ ဝန်းကျင်ကို မတရားဖမ်းဆီးထားပြီး ပုဒ်မ ၅၀၅ (က) အပါအဝင် အကြမ်းဖက် ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ၃ နှစ်မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ အမိန့်ချခံထားရသူ အမျိုးသား ၃၀ ဦးနဲ့ အမျိုးသမီး ၁၀ ဦး ရှိနေကြောင်း သိရသည်။

 

“ဖမ်းဆီးခံရတယ်အချိန်မှာ စစ်ကြောရေးတွေ ပို့တယ်ပေါ့နော် ။ စစ်ကြောရေးတွေမှာ စိစစ်ပြီး မြို့မရဲစခန်းကို ပို့တယ်။ မြို့မရဲစခန်းမှာလဲ သူတို့စစ်ဆေးဖို့လိုအပ်တဲ့အခါမှာ လာလာခေါ်ထုတ်တာတွေ ကြုံနေရပါတယ်။ အကျဥ်းထောင် မဟုတ်တော့ အကျဥ်းသားတွေက မိသားစုနဲ့ တွေ့ဆုံခွင့်မရတဲ့အတွက် တယောက်ခြင်းစီ ဘာဖြစ်နေတယ်ဆိုတာတော့ သိရှိဖို့ခက်ခဲတယ်။အဲ့လိုပဲ အကျဥ်ထောင်ကပေးတဲ့ အကျဥ်းသားတွေ လျော့ရက်ခံစားခွင့်တွေ ၊ နိုင်ငံတော်လွတ်ငြိမ်း စစ်ကောင်စီကပေးတဲ့လွတ်ငြိမ်းတွေမှာလဲ ၅၀၅ တွေကအစပေါ့နော် ထောင်ပုံစံ အကျုံးမဝင်တဲ့အတွက် မရကြဘူး”ဟု PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။

 

ရဲစခန်းတွင် (၁၀ ပေ × ၁၂ပေ) အကျယ်အဝန်းရှိ အချုပ်ခန်း သုံးခန်းသာရှိနေကြောင်း ၊ လူဦးရေ များပြားခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး ဘေးတစောင်းနှင့် ခြေထောက်ချင်းထပ် အိပ်ရသလို အလှည့်ကျအိပ်စက်ရခြင်းများလည်း ရှိနေကြောင်း PPNM အဖွဲ့က ဆိုသည်။

 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၄ မတ် ၁၉ ရက်အထိ စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသူ ၂၆၂၅၁ ဦးအနက် ၂၀၁၁၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း ၊ ၎င်းတို့ အနက်မှ  ၈၈၄၂ ဦးသည် ထောင်ဒဏ်များ ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP၏ မှတ်တမ်းများအရ သိရသည်။

 

ဓာတ်ပုံ – PPNM

Related News

Depend on news