ခွဲခြားဆက်ဆံမှုများနှင့် ခရီးသွားခြင်း
ခရီးသွားလာရာတွင် ကျေးရွာရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ အလုပ်ကိစ္စဖြစ်ပါက အလုပ်၏ ထောက်ခံစာပါရှိရမည်ဟု အောင်မင်္ဂလာအဝေးပြေးကားဝန်းထဲသို့ ဝင်လိုက်သည်နှင့် ကားဂိတ်တိုင်းတွင် စာကပ်ထားသည်ကို မြင်တွေ့ရသည်။
ကားလက်မှတ်ဖြတ်ဖို့အတွက် တန်းစီနေသည်။ မှတ်ပုံတင်ပေးရသည်။ ကိုယ့်ရှေ့မှ လူတချို့ကို ကားဂိတ်မှ ၁၁/ ဖြစ်နေ၍ ပြောနေသည်။
“ ညီမ ၁၁ မျဉ်းစောင်းဖြစ်နေတာ။ လမ်းမှာ အစစ်အဆေးတွေနဲ့ဆိုရင် အထိုက်အလျောက်စကားပြောပြီး သူတို့တောင်းတာပေးလိုက်နော်။ မဟုတ်ရင် ခေါ်ထား၊ အဖမ်းခံရလိမ့်မယ်” ဟု ကားလက်မှတ်ဖြတ်ပေးသူက ပြောနေသည်။
ထို့နောက် ကျွန်ုပ်အလှည့်ရောက်တော့ အဆင်ပြေသည်။ မှတ်ပုံတင်မှတ် ကားလက်မှတ်ဖြတ်ရင်း “ခုနက ၁၁/ က ဘာဖြစ်လို့လဲ” ဟု မသိချင်ယောင်ဆောင်၍ မေးလိုက်တော့ လက်မှတ်စာရေးက “စစ်တပ်က ၁၁/ တွေ၊ ၅/ တွေကို ခရီးသွားလာခွင့်ပိတ်ထားလို့” ဟုသာပြန်ဖြေသည်။
၁၁/ သည် ရခိုင်အမျိုးသားမှတ်ပုံတင်၊ ၅/ ကတော့ စစ်ကိုင်းအမျိုးသားမှတ်ပုံတင်များဖြစ်သည်။ ဒေသနှစ်ခုလုံးတွင် စစ်ကောင်စီတော်လှန်ရေးအင်အားစုများ အားကောင်းကြသည်။
ထို့ကြောင့် ၁၁/ နှင့် ၅/ ကိုင်ဆောင်ထားသူတို့သည် ပြည်သူထဲကပြည်သူများသာ ဖြစ်သော်ငြား စစ်တပ်အနေဖြင့်တော့ ၎င်းတို့ အထိနာနေသည့် ဒေသပေါက်များဖြစ်၍ ရှုံးမဲမဲနေခြင်းသက်သက်သာ။
ကားပေါ်သို့ ရောက်ပြီ။ ထပ်ကြုံရသည်က ကိုရွှေစပယ်ရာက ခရီးသည်များ၏ မှတ်ပုံတင်များယူကြည့်ပြီး ၁၁/ မှတ်ပုံတင်ကိုင်ဆောင်ထားသော ခရီးသည်ကို ကား၏ နောက်နားရောက်သည်အထိ ပို့၍ စစ်ဆေးရေးဂိတ်များရောက်လျှင် ချေချေငံငံပြော၍ တောင်းသလောက်သာ ပေးလိုက်ရန် လက်မှတ်အရောင်းစာရေးကဲ့သို့ ထပ်သတိပေးနေပြန်သည်။
ယခုစီးသောကားသမားမှာ ခရီးသည်ကို ခွဲခြားဆက်ဆံခြင်းတော့မရှိ။ အချို့သော ကားသမားများမှာတော့ ၁၁/၊ ၅/ မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို ကားပေါ်သို့ပင်မတင်။
ကားထွက် ရန်ကုန်အထွက် ဇီးရိုးမိုင်ရောက်သည်နှင့် ဇာတ်လမ်းက စပြီ။ ဇီးရိုးမိုင်စစ်ဆေးရေးဂိတ်မှ ရဲတစ်ဦးက မှတ်ပုံတင်များကို စစ်ဆေး၍ ‘ထောက်ခံစာပါမပါမေးမြန်းသည်။’ ထို့နောက် ၁၁/ ခရီးသည်နှစ်ဦးကို ‘၁၁/ တွေ ခရီးသွားလို့မရဘူးဆိုတာမသိဘူးလား’ ဟု ကြိမ်းဝါးကာ တစ်ဦးကိုငွေနှစ်သောင်းစီ စတင်တောင်းခံတော့သည်။
ခရီးသည်ခမျာ ဘာမျှမပြောရှာ၊ ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံလေးများထုတ်၍ ပေးရတော့သည်။ သူပြုသမျှ နုရမည့်ဘဝဝယ် ထုတိုင်းခံမည့် ပေသဖွယ်ပင်။
ဆက်လက်ထွက်ခွာလာတော့လည်း ထို့နည်းလည်းကောင်းပင်။ တချို့ဂိတ်များက ကားသမားက ပိုက်ဆံပေး ဖြတ်သန်း၍ ရသော်လည်း အချို့ဂိတ်များတွင်မတော့ မှတ်ပုံတင်ယူစစ်သည့်အခါတိုင်း အဆိုပါ ၁၁/ ကိုင်ဆောင်ထားသူတို့မှာ နှစ်သောင်းစီပေးဆောင်ရစမြဲ။
နောက်နှစ်ဦးရှိသေးသည်။ ဘုရားကြီးအကျော်ရှိ စစ်ဆေးရေးဂိတ်တွင်တော့ တရုတ်ကပြားခရီးသည်နှစ်ဦးပါ နှစ်သောင်းစီပေးဆောင်ရတော့သည်။ အကြောင်းပြချက်ကား ကပြားဖြစ်နေ၍ဟုဆိုသည်။
ထိုသို့ဖြင့် ဆက်လိုက်လာရာမှ ဂိတ်တစ်ခုအရောက်တွင် အရက်မူးနေဟန်တူသော ရဲတစ်ဦးက ၁၁/ ကိုင်ဆောင်ထားသော ခရီးသည်နှစ်ဦးကို ဆင်းခဲ့ရန်ပြောလေတော့သည်။ ကားသမားက တောင်းပန်ပြီး ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေသူများဖြစ်ကြောင်း၊ အလုပ်လုပ်ရန် ထွက်လာခြင်းဖြစ်သည်ဟုပြောဆိုသည့်အခါ ကားအနီးသို့လာ၍ ယခုကဲ့သို့ ကြိမ်းဝါးတော့သည်။
“နင်တို့ ၁၁ မျဉ်းစောင်းတွေက ခရီးသွားလို့မရတာမသိဘူးလား။ ပြီးတော့ ထောက်ခံစာလည်းမပါဘူး။ နင်တို့က ဘာလဲ။ ထွန်းမြတ်နိုင်ကိုမှ လူထင်တာလား။ ငါတို့ စစ်အစိုးရကို မထီမဲ့မြင်ပြုတာလား။ နင်တို့ ရခိုင်ကိုပြန်ပါလား။ ဘာလို့ ဒီဘက်ကိုလာတာလဲ။ အကုန်လုံးပစ်သတ်လိုက်လို့ သေသွားဦးမယ်” ဟု ရဲငမူးက မပြောသင့်မပြောထိုက်သည်များကို ပြောလေတော့သည်။
ယင်းနောက် အဝေးပြေးခရီးသည်တင်ယာဉ်ဝန်ထမ်းများက ဝင်ရောက်ညှိနှိုင်းသောအခါ တစ်ဦးလျှင် ကျပ်နှစ်သောင်းတောင်း၍ ကားဆက်လက်ထွက်ခွင့်ရလေတော့သည်။ အမှန်တော့ အဆိုပါခရီးသည်နှစ်ဦးတွင် မည်သည့်ထောက်ခံစာမျှ မပါခြင်းမဟုတ်။ ရပ်ကွက်ထောက်ခံစာမပါသော်လည်း ၎င်းတို့အလုပ်မှ ထုတ်ပေးလိုက်သော ထောက်ခံစာပါသည်။
ဆက်လက်ထွက်ခွာလာသောအခါ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသား လက်နက်ကိုင်များ အထိုင်ချထားသည့် စစ်ဆေးရေးဂိတ်များတွင် ၁၁/ ခရီးသည်နှစ်ဦးမှာ သက်သာရာရသွားတော့သည်။ သက်သာရာမရသည်မှာ တရုတ်၊ ဗမာ ကပြား ခရီးသည်နှစ်ဦးပင်။ မှတ်ပုံတင်ယူစစ်သည့် ဂိတ်တစ်ခုသို့ရောက်တိုင်း တစ်ဦးလျှင် နှစ်သောင်းစီပေးရသည်။ ဂိတ်လေးငါးခုမျှ ပေးခဲ့ရတော့သည်။
သို့ပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်များက စကားပြောတော့ချိုသာသည်။ “ညီလေးတို့ အစ်ကိုတို့က အခြားမဟုတ်ပါဘူး။ တရုတ်ကပြားဖြစ်ဖြစ်၊ ဘာကပြားဖြစ်ဖြစ် ကပြားဖြစ်တဲ့သူတွေကို ဒဏ်ငွေပေးဆောင်စေဖို့ အထက်အဖွဲ့အစည်းက ညွှန်ကြားထားလို့ မတတ်သာလို့ ကောက်ရတာပါ” ဟု ပြောရှာသည်။ ယင်းသို့ ပြောပင်ပြောငြားသော်လည်း သူတို့မှာပါလာသည့်ပိုက်ဆံများမှာ ဂိတ်ကြေးပေးရတာနှင့်ပင် ကုန်သလောက်ရှိချေပြီ။
ကားပေါ်မှာပါလာသော ခရီးသည်များနှင့် စကားစပ်မိ၍ မေးမြန်းကြည့်သောအခါ ခရီးသည်အားလုံးနီးပါးက နယ်စပ်ဖြတ်ကျော်၍ အိမ်နီးချင်းနိုင်ငံသို့သွားရောက်ကာ အလုပ်လုပ်ကိုင်ကြမည့်သူများပင်။ သူတို့မှာ နယ်စပ်ဖြတ်ကျော်ရန် မရောက်သေးခင် လမ်းခရီးမှာပင် စရိတ်အတော်ထောင်းချေပြီ။
၅/၊ ၁၁/ နှင့် ကပြားတို့အနေဖြင့် တစ်ဦးလျှင် ဂိတ်ကြေးသက်သက် ကျပ်တစ်သိန်းနှင့်အထက်ရှိပေမည်။ ထိုသို့ဖြင့် နယ်စပ်မြို့ မြဝတီသို့ ပိုက်ဆံအကုန်အကျများစွာဖြင့် ရောက်လာခဲ့ချေသည်။
ယခုလမ်းခရီးမှာ ကြုံရသည်က ငွေကုန်ကြေးကျများသည်သာရှိသည်။ မြန်မာနိုင်ငံအလယ်ပိုင်းသို့ ခရီးသွားသူများမှာတော့ သာ၍ပင်ဆိုးသေးသည်။ မကွေးနှင့် စစ်ကိုင်းတိုင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို စစ်တပ်စစ်ဆေးရေးဂိတ်များမှ ငွေတောင်းရုံသာမက ဖမ်းဆီးမှုများပါ လုပ်ဆောင်နေသည်ကိုလည်း သတင်းများ ကြားသိရသည်။
သူတို့အားလုံးသည် မြန်မာနိုင်ငံသားများသာ မဟုတ်ကြသည်လော။ စင်စစ် မြန်မာနိုင်ငံသားများသာ ဖြစ်ကြသော်လည်း စစ်ကောင်စီက ၎င်းတို့ စစ်ရှုံးနေသောဒေသ မှတ်ပုံတင်ကိုင်ဆောင်သူများကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခြင်းမျှသာဖြစ်သည်ကို မျက်ဝါးထင်ထင်မြင်တွေ့နေရခြင်းဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီအထိနာနေသော ဒေသများ၏ မှတ်ပုံတင်နံပါတ်ကိုင်ဆောင်ထားသူများ ခရီးသွားလာပါက ပိုက်ဆံများများသာ ထည့်ထားကြရန်နှင့် ၎င်းတို့တောင်းသမျှ မငြီးမငြူဘဲပေးဖို့သာ ပြင်ထားကြဖို့သာ အကြံပေးလိုတော့သည်။
၎င်းတို့၏ ပျက်ယွင်းနေသည့် စိတ်ဓာတ်ဖြင့် ခွဲခြားဆက်ဆံမှုများကတော့ ပြောင်းလဲနိုင်တော့မည်မဟုတ်ပေ။ ပြည်သူ့တော်လှန်ရေး အမြန်ဆုံးအောင်မြင်မှသာ ယခုကဲ့သို့အဖြစ်မျိုးကြုံရမှုများမှ ဝေးကွာနိုင်မည်ဟုသာ မျှော်လင့်မိလေတော့သည်။