ခြံအမှတ် ၅၄-၅၆အား အမျိုးသားအဆင့်ယဥ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်

Author လင်းခိုင်
Categories
Published on Sep 02, 2022

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် အိမ်အမှတ် ၅၄-၅၆အား အမျိုးသားအဆင့် ယဥ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

စက်တင်ဘာ ၂ရက် ရက်စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝယလရှီးလအမိန့်ဖြင့် ယင်းနေရာအား အမျိုးသားအဆင့် ယဥ်ကျေးမှုအမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဥ် ၆၅၏ အတည်ပြုချက်အရ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသော ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက် အမှတ်စဉ် ၅၊ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉) ပါ ဥပဒေပုဒ်မ၂(က)၊ (ခ) တို့နှင့်အညီ အမှတ်(၅၄-၅၆)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသော ခြံဝန်းဧရိယာ (၁.၉၂၃) ဧကနှင့် ယင်းမြေဧရိယာ (၁.၉၂၃) ဧကပေါ်တွင်ရှိသော ရွေ့ပြောင်း၍ မရသည့် အဆောက်အအုံ အားလုံးအား ကြားကာလ၏ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယဥ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားသော ယင်းမြေနှင့် အဆောက်အအုံနေရာအား မည်သူမဆို ပိုင်ဆိုင်ခြင်း ပိုင်ဆိုင်ရန်ကြိုးစားခြင်း ရောင်းချခြင်း ရောင်းချရန်ကြိုးစားခြင်း ဖျက်ဆီးခြင်း ဖျက်ဆီးရန်ကြိုးစားခြင်း ပုံစံပြောင်းခြင်း ပြင်ဆင်ခြင်း အခြားနည်းအသုံးချခြင်းများကို တင်းကြပ်စွာတားမြစ်ကြောင်း NUGက ထုတ်ပြန်ထားသည်။

တားမြစ်ချက်များအပေါ် ဖောက်ဖျက်ကျူးလွန်ပါက ယဥ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်း သိမ်းရေးဥပဒေ မရွှေ့ပြောင်းနိုင်သောပစ္စည်းများလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေတိုအပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နှင့်အညီ အရေးယူဆောင်ရွက်သွားမည့်အပြင် ပုဂ္ဂိုလ် အဖွဲ့အစည်းအား Black List ထည့်သွင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ခြံအမှတ်(၅၄) အမွေဆိုင်ခွဲဝေမှုနှင့်ပတ်သက်ပြီး ဦးအောင်ဆန်းဦး၏အထူးအယူခံလျှောက်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်က သြဂုတ်လ ၂၂ ရက်နေ့မှာ စီရင်ချက်ချမှတ်ခဲ့ပြီး ဦးအောင်ဆန်းဦး၏ အထူးအယူခံလျှောက်ထားခဲ့ခြင်းကိုတောင်း ဆိုချက် အတိုင်း ခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
#ခြံနံပါတ်၅၄ #အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေ #အမွေဆိုင်

Related News

Depend on news