ချဲလ်ဆီးကွင်းလယ်လူ ကိုဗာဆစ်ကို ခေါ်ယူဖို့ အာရုံစိုက်လာတဲ့ မန်စီးတီး

Author မောင်ရှမ်း
Categories
Published on May 11, 2023

မန်စီးတီးအသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာတော့ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ကိုဗာဆစ်ကို ခေါ်ယူဖို့အတွက် အာရုံစိုက်လာခဲ့တယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ ယခုနှစ်ဘောလုံးရာသီအကုန်မှာ အသင်းကထွက်ခွာဖို့များနေတဲ့ အသင်းခေါင်းဆောင် ဂန်ဒိုဂမ်ရဲ့နေရာအတွက် အစားထိုးဖို့ခေါ်ယူလိုတာဖြစ်ပြီး အစောပိုင်းမှာ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်ကိုခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် အဆိုပါအင်္ဂလန်သားဟာ ရီးရဲလ်မက်ဒရစ်အသင်းကိုပြောင်းကစားဖို့ အကြိုသဘောတူညီမှု ရယူသွားခဲ့တာကြောင့် မန်စီးတီးရဲ့ ပစ်မှတ်က ကိုဗာဆစ်ထံလှည့်လာခဲ့တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကိုဗာဆစ်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ၅ ခုမြောက်ဘောလုံးရာသီကို ဖြတ်သန်းနေခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းကလည်း နောက်ထပ်တစ်နှစ်သာကျန်တော့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူခဲ့ရာမှာ အဓိက ကစားသမားတစ်ယောက်အဖြစ် ပါဝင်ခဲ့တဲ့ ကိုဗာဆစ်ဟာ ဒီရာသီမှာတော့ ပြိုင်ပွဲစုံ လူစားဝင်ခွင့်အပါအဝင် ၃၅ ပွဲကစားကာ ၂ ဂိုးသွင်းကာ ၂ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရတာကြောင့် တစ်ရာသီလုံးမှာ ပွဲထွက်ကစားခွင့် ၁၆ ကြိမ်သာရှိခဲ့ကာ အများစုကတော့ လူစားဝင်ခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ ဥရောပဝင်ခွင့်ရတော့မှာမဟုတ်သလို နည်းပြအပြောင်းအလဲတွေ၊ ကစားသမားအဝင်အထွက်တွေ ကြမ်းဦးမှာဖြစ်တာကြောင့် ကိုဗာဆစ်အနေနဲ့ ဂွာဒီယိုလာတို့သာ အမှန်တကယ်ကမ်းလှမ်းမယ်ဆိုရင်တော့ မန်စီးတီးအသင်းထံ ပြောင်းကစားဖွယ်ရှိနေတယ်လို့ Football Insider က ဖော်ပြထားခဲ့ပါတယ်။