ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်တပ်နှင့်ရဲကား နှစ်ကြိမ် မိုင်းဆွဲခံရပြီး သုံးဦးသေဆုံး

Author လင်းခိုင်
Categories
Published on Dec 03, 2022

စစ်ကိုင်းတိုင်း၊ ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်တပ်နှင့်ရဲကားအား Brave Heart Army နှင့် Attack Force(MASF) တို့ပူးပေါင်းကာ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၃ နာရီတွင် ချောင်းဦးရဲစခန်းမှ ရဲ ငါးဦး လိုက်ပါလာသည့် NOAH ကားမုံရွာမြို့တွင်းသို့ ၀င်ရောက်သွားကြောင်း သတင်းရရှိသဖြင့် မအူဂိတ်မှ အပြန်စောင့်ဆိုင်းပြီး မုံရွာချောင်းဦး လမ်းပိုင်း တစ်နေရာဖြစ်သည့် ရွှေတောင်ဆီဆိုင်အနီးတွင် ပဒေသာမိုင်း ၃လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။

ထို့နောက် သေဆုံးခဲ့သူနှင့် ဒဏ်ရာရရှိသူများကို NOAH ကားတစ်စီးဖြင့် လာရောက်သယ်ဆောင်ရာ ညနေ ၃နာရီ ၁၅ မိနစ်တွင် မုံရွာချောင်းဦးလမ်းပိုင်းတစ်နေရာဖြစ်သည့် ဘက်စုံ(ခ) စစ်ကောင်စီတပ်ခြံ အနီး ပဒေသာမိုင်း ၃လုံးဖြင့် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

“နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်တာ ​ေ-ွးသုံးကောင်သေပြီး သုံးယောက်ဒဏ်ရာရတယ်။ လက်နက်တွေတော့ မရလိုက်ဘူး။ ပြည်သူတစ်ဦး ထိခိုက်သွားတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ နောက်မစ်ရှင်တွေကျရင်တော့ ကျွန်တော်တို့ အတတ်နိုင်ဆုံးပြည်သူတွေ အန္တရာယ်ကင်းအောင် လုပ်ဆောင်သွားပါမယ်။ ထိခိုက်သွားတဲ့ ပြည်သူကို သတင်းမေးဖြစ်တယ်။ ဒီနေ့မနက်ကျတော့ သက်သာတယ်ကြားတယ်” ဟု Brave Heart Army တာ၀န်ရှိသူက CJ Platform သို့ပြောသည်။

ပထမအကြိမ်ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိုးရပ်သွားသည့် ကားအား သိမ်းဆည်းနိုင်ခဲ့သော်လည်း လက်နက်များကို စစ်ကောင်စီတပ်များက ပြန်လည်ယူဆောင်သွားကြောင်း၊ ပြည်သူတစ်ဦး မိုင်းစထိမှန်ခဲ့သည့်အတွက် တောင်းပန်းကြောင်း Brave Heart Army တာ၀န်ရှိသူကပြောသည်။

ပြည်သူများအနေဖြင့် အရေးတော် အောင်မြင်သည့်အထိ အခက်အခဲအနည်းများ ရှိနိုင်သည့်အတွက်လည်း အားတင်းထားရန် ယင်းက ပြောသည်။