ချောင်းဦး – မုံရွာလမ်းပိုင်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ ၊ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံး

Author မင်းထက်
Categories
Published on Mar 02, 2024

စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးကားလမ်းပိုင်းတွင် ယနေ့ မတ်  ၂ ရက်နေ့ နံနက်အစောပိုင်း၌ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်များက  မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီး ထိုးရပ်သွားကြောင်း AREA71 PDF Monywa ပြန်ကြားရေးတာဝန်ခံက CJ Platformသို့ ပြောသည်။

 

ဘိုးမင်းကြီးကင်းရွာရှိ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော မိုင်းရှင်းလင်းရေးစက် ( Jammer)ပါ စစ်ကားလေးစီးဖြင့် ယာဉ်တန်းသည် နံနက် ၄နာရီ ၃၅မိနစ်ခန့်က ချောင်းဦး – မုံရွာလမ်းပိုင်းအတိုင်း ဖြတ်သန်းစဉ် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Jammerကားနှစ်စီး မိုင်းထိမှန်ကာ ထိုးရပ်သွားပြီးနောက် လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

” စစ်ကောင်စီဘက်က ထိခိုက်မှု အသေအပျောက်ရှိမှာဗျ ၊ အခုထိ ကားတွေ မိုင်းဆွဲခံထားရတဲ့နေရာမှာပဲ ရှိနေတယ်။ ဒီကောင်တွေရမ်းထုတဲ့ လက်နက်ကြီးကြောင့် ပုရစ်ကုန်းတောင်ရွာက ပြည်သူနေအိမ်တစ်လုံးပေါ်ကျပြီး အမျိုးသားတစ်ဦး သေတယ်ဗျ ၊တစ်ဦးဒဏ်ရာရတယ်” ဟု AREA71 PDF Monywa ပြန်ကြားရေးတာဝန်ခံက ပြောသည်။

 

အဆိုပါတိုက်ခိုက်မှုကို AREA71 PDF Monywa အဖွဲနှင့် ANYA DEFENCE FORCE အဖွဲ့တိုမှ  ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

 

မုံရွာမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သော AREA71 PDF Monywa တပ်ဖွဲ့၏ လက်နက်ထုတ်လုပ်ရေးစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ နံနက် ၆နာရီခန့်က မုံရွာ-မန္တလေးလမ်းပိုင်းရှိ မြပုလဲဆီဆိုင်တွင် တပ်စွဲထားသော စစ်သားအင်အား ၅၀ကျော်ဖြင့်  စစ်ကြောင်းထိုး စီးနင်းခြင်းခံခဲ့ရကြောင်း၊ ဝင်ရောက်စီးနင်းပြီး  စခန်းရှိ လက်နက်ခဲယမ်းများနှင့်အတူ ကာလတန်ဖိုး သိန်း ၈၀နီးပါး မီရှို့ဖျက်ဆီး ခံလိုက်ရကြောင်း သိရသည်။

 

စခန်းစီးနင်းခံရချိန်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ စခန်းမှထွက်ခွာလာနိုင်ခဲ့ပြီး ဆုံးရှုံးမှုများအား ပြန်လည်ထူထောင်နိုင်ဖို့အတွက် အကူအညီတွေ လိုအပ်နေကြောင်း AREA71 PDF Monywa အဖွဲ့ထံက သိရသည်။