ချောင်းဦး စိုက်ပျိုးရေးရုံးနှင့် ခရေဖြူဂိတ် ဗုံးသီးချအတိုက်ခံရပြီး သုံးဦးသေ ငါးဦးဒဏ်ရာရ

Author မင်းထက်
Categories
Published on Mar 11, 2024

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့ရှိ စိုက်ပျိုးရေးရုံးနှင့် ခရေဖြူဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံး၍ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် (၄) တပ်ရင်း-MSPDF/MSDF ပြန်ကြားရေးတာဝန်ခံ မလွင်ဂူး က CJ Platform သို့ ပြောသည်။

 

စိုက်ပျိုးရေးရုံးနှင့် ရုံးရှေ့ရှိ ခရေဖြူဂိတ်စခန်းကို မတ်လ ၉ရက်နေ့ နံနက်  ၁၀နာရီခန့်မှ ၁၂နာရီအချိန်ခန့်ထိ PDF မဟာမိတ်ပူးပေါင်းတပ်များက ဒရုန်းများဖြင့် ဗုံးသီး ၂၁ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“ဗုံးချတိုက်ခိုက်တော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်တယ် တော်တော်ပစ်တယ် ၊ ဂိတ်မှာ ဆို အင်းအားက ၄၀ ကျော်ရှိမယ်၊ ဗုံးချတော့ ဂိတ်စခန်းမီးလောင်သွားတယ်”ဟု MSPDF/MSDF ပြန်ကြားရေးတာဝန်ခံ မလွင်ဂူး ကပြောသည်။

 

ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ သုံးဦး နေရာတွင် သေဆုံးကာ ငါးဦးမှာ ထိခိုက်ဒဏ်ရာအပြင်းထန် ရရှိသွားခဲ့သောကြောင့် မုံရွာဆေးရုံကြီးသို့ ပို့ထားရပြီး အခြေနေမှာ စိုးရိမ်ရကြောင်း ၊ ပြည်သူလူထုထံ ငွေကြေးကောက်ခံလျက်ရှိသော ခရေဖြူဂိတ်စခန်းလည်း မီးလောင်ပြာကျသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင်မဟာမိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း-NRDF ၊ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း-တပ်ခွဲ(၂) / တပ်ခွဲ(၃)  ၊ မုံရွာခရိုင်အမှတ်(၈)တပ်ရင်း ၊ ရန်ရှင်းစစ်ကြောင်း၊  မိတ္ထီလာခရိုင်အမှတ်(၃)တပ်ရင်း ၊ CHAUK PDF ၊ Golden Eagle တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း